ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း နိုင်ငံတကာသံတမန်အဖွဲ့များနှင့်အတူ မန္တလေးသင်္ကြန်ပွဲတော် (အကြတ်နေ့)တွင် ပါဝင်ဆင်နွှဲ

နေပြည်တော်  ၁၅  ဧပြီ

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့သည် ယနေ့ (သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကြီးအကဲများ၊ သံတမန်အဖွဲ့မိသားစုဝင်များနှင့်အတူ မန္တလေးမြို့၌ ကျင်းပသည့် မြန်မာ့ ရိုးရာမဟာသင်္ကြန် အတာရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

1

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီးဦးဆောင်သည့် နိုင်ငံတကာသံရုံးများမှ သံတမန် အဖွဲ့များနှင့်ကုလသမဂ္ဂအဖွဲ့အစည်းရုံးများမှ အကြီးအကဲများ၊ သံတမန်အဖွဲ့မိသားစုဝင်များနှင့် အတူ မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့၏ စတုဒိသာရေကစားမဏ္ဍပ်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရေကစား မဏ္ဍပ်နှင့် မန္တလေးမြို့တော် မဟာသကြန်မဏ္ဍပ်များရှိ ရိုးရာသင်္ကြန်တေးသီချင်း၊ အက၊ အလှဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး ဒုတိယသမ္မတနှင့်သံတမန်အဖွဲ့များမှ သင်္ကြန် ပွဲတော်လာပရိသတ်များအား နှစ်သစ်ကူးအကြိုဆုတောင်းမေတ္တာပို့သကာ မန္တလေးလမ်းလျှောက် သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

 

2

 

ထို့ပြင် မန္တလေးအတာသင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် သံတမန်အဖွဲ့ဝင် များမှလည်း ရေကစားမဏ္ဍပ်များတွင် ရိုးရာသင်္ကြန်တေးသီချင်းများနှင့် တိုင်းရင်းသားတေး သီချင်းများကို သီဆိုဖျော်ဖြေခဲ့ကြသည်။

 

3

 

ထို့နောက် ဒုတိယသမ္မတနှင့်ဇနီးသည် မန္တလေးမြို့တော်ခန်းမတွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကြီးအကဲများနှင့်အတူ တက်ရောက်ချီးမြှင့်ခဲ့သည်။      

 

4

 

(သတင်းစဉ်)