ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း ပျဉ်မနားမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပနေမှု လှည့်လည် ကြည့်ရှုအားပေး

နေပြည်တော် ၁၆ ဧပြီ

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့သည် မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် မှ ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းမည့် မဟာသင်္ကြန်အတက်နေ့ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာရှမ်းကန်၌ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ဒုတိယသမ္မတနှင့်ဇနီးတို့သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်အတူ ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန်တွင် ကျင်းပသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ရောက်ရှိကြပြီး ဗဟိုမဏ္ဍပ်၌ သပြေခက်ဖြင့် အတာရေ ပက်ဖျန်းကြကာ ပြည်သူများ မဟာသင်္ကြန်ရေသဘင်ပွဲ ပျော်ရွှင်စွာဆင်နွှဲနေမှု၊ ပျော်ရွင်စွာ ရေပက်ကစားနေမှုနှင့် သင်္ကြန်တေးသီချင်းများ သီဆိုဖျော်ဖြေ တင်ဆက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်ဇနီးတို့သည် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့ မင်္ဂလာ ရှမ်းကန်တွင် ကုသိုလ်ဖြစ် ငါးစာကျွေးခြင်း၊ ငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

1

 

ယင်းနောက် ဒုတိယသမ္မတနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်ဇနီး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် နေပြည်တော်ကောင်စီဝင်များသည် ရွှေသံလွင်ကုမ္ပဏီလီမိတက် Sky Net မိသားစု၏ မြန်မာ့ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ်သို့ ရောက်ရှိကြရာ Sky Net မိသားစုများ၊ အနုပညာရှင်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များက သပြေခက်ဖြင့် အတာရေ ပက်ဖြန်းပေးကြပြီး ဒုတိယသမ္မတနှင့်ဇနီးနှင့် အဖွဲ့သည် အနုပညာရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်ဇနီးနှင့် အဖွဲ့သည် အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များ၏ သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများအား  ကြည့်ရှုအားပေးကြပြီး ဒုတိယသမ္မတက နှစ်သစ်ကူးဆုတောင်းစကား ပြောကြားသည်။

 

ညနေပိုင်းတွင် ဒုတိယသမ္မတနှင့်ဇနီးသည် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်သို့ ရောက်ရှိပြီး မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးသည်။

 

နေပြည်တော် ကောင်စီနယ်မြေအတွင်း ရေပက်ခံကားများ၊ ရေပက်ခံထွက်ကြသူများ၊   သင်္ကြန်မဏ္ဍပ်များတွင် အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲကြသူများ၊ စတုဒီသာ ကျွေးမွေးကုသိုလ်ယူကြသူများ၊ ဘုရားကျောင်းကန်များတွင် တရားဘာဝနာပွားများကြသူများနှင့် ကုသိုလ်ပြုသူများဖြင့် အထူးစည်းကား များပြားခဲ့သည်။

 

(သတင်းစဉ်)

 

1