နေပြည်တော်  ၁၄  ဇန်နဝါရီ 

 

၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသော ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မောင်မောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်မှအရာရှိကြီးများ၊ ဒုတိယရဲချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ယနေ့အစည်းအဝေးသည် ၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပဆောင်ရွက် နိုင်ရန်အတွက် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅) ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရရှိစွာဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့တွင် “၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ”ကို အဖွဲ့ဝင်(၁၄)ဦးဖြင့် လည်းကောင်း၊ “စီမံခန့်ခွဲမှုကော်မတီ”ကို အဖွဲ့ဝင်(၁၈) ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့သည့်အပြင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဆပ်ကော်မတီ (၁၄)ခုကိုလည်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။

 

၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက် (၅)ရပ်မှာ ပြည်ထောင်စုမပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ “(၂၁)ရာစုပင်လုံ” မှသည် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ကောင်းမွန်သောပညာရေးနှင့် လုံလောက်သောကျန်းမာရေး စောင့်ရှောက်မှုများကို နိုင်ငံသားတိုင်း ရရှိခံစားနိုင်ရေးတို့ ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သဖြင့် ချမှတ်ထားသည့် အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အဖက်ဖက်မှ ပြည့်စုံအောင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အဓိကထား၍ ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီ (၁၄)ခုတို့ အနေဖြင့် ယခင်နှစ်ကကျင်းပခဲ့သည့် အခမ်းအနားနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခဲ့သည့် အချက်များအပေါ် အသေးစိတ်အခြေခံ၍ ယခုနှစ်တွင် အကောင်းဆုံးဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

 

နိုင်ငံ့လွတ်လပ်ရေးသမိုင်းကြောင်းကိုပြန်ကြည့်ပါက ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံညီလာခံကျင်းပခဲ့ ကြပြီး တိုင်းရင်းသားအားလုံး တစ်ညီတစ်ညွတ်တည်း ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကာ လွတ်လပ်ရေး ကို အရယူခဲ့ပါကြောင်း၊ ထိုသို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ သွေးစည်းညီညွတ်မှုကို အခိုင်အမာဖော်ကျူးပြသနိုင်ခဲ့သည့် ပြည်ထောင်စုနေ့ကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုနှစ် ဆိုလျှင် (၇၂)နှစ်မြောက်ရှိပြီ ဖြစ်ပါကြောင်း။

 

လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှုများစွာ နောက်ကျကျန်ရစ်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဝင့်ထည်ခန့်ငြား လာမည်မှာ ဧကန်မုချ ဖြစ်ပါကြောင်း။

 

အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပုံဖော်နိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို (၃)ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လက်နက်ကိုင်အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အတူတကွ ပူးပေါင်းဆောင်ရွက်ရင်း ငြိမ်းချမ်းပြီး သာယာဝပြောသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် သွားကြရမည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ယဉ်ကျေးမှု ဓလေ့ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံတို့ဖြင့် ဖွဲ့စည်းတည်ရှိသော ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပါ ကြောင်း၊ ကွဲပြားခြားနားသည့် ပထဝီဝင်ဒေသ အသီးသီးတွင်ရှိကြသော တိုင်းရင်းသား အသီးသီးသည် မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ရိုးရာဓလေ့စရိုက်များကိုလည်း ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက် သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နောင်လာနောက်သားများ သိရှိရန်အတွက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများကို ထုတ်ဖော်ပြသရင်း ထိန်းသိမ်းစောင့်ရှောက်နေခြင်းလည်း ဖြစ်ပါကြောင်း။

 

၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အစီအစဉ်အပိုင်း (၂)ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ရာ ပထမပိုင်းအနေဖြင့် နံနက်ပိုင်းအလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားနှင့် ညနေပိုင်းတွင် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနား တို့ဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနား အစီအစဉ် အပိုင်း(၂)ပိုင်းကို တစ်နှစ်ထက်တစ်နှစ် ပိုမို ကောင်းမွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ဆပ်ကော်မတီ (၁၄)ခုအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စနစ်တကျဖြင့် အကွက်စေ့အောင် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားရန်လိုပါကြောင်း။

 

၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီမှ ချမှတ်ပေးမည့် အမျိုးသားရေး ဦးတည်ချက်များ၏ အနှစ်သာရကို ပြည်သူများ သိရှိနားလည်နိုင်ရေး အတွက် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်းများမှ ထုတ်လွှင့် ဖော်ပြနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း။

 

ဆပ်ကော်မတီများအနေဖြင့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ကျင်းပမည့် အခမ်းအနား ကိစ္စရပ်များ အားလုံးအတွက် A Plan အပြင် B Plan ကိုပါ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိစွာဖြင့် အောင်မြင်အောင်ကျင်းပနိုင်ရေးအတွက် ယခင်နှစ်များက ဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံ များအပေါ်အခြေခံ၍ ယခုနှစ်တွင် အကောင်းဆုံးဖြစ်အောင် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ ကော်မတီ၊ ဆပ်ကော်မတီများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တွေ့ကြုံ ရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့က ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ယခင်နှစ်က ဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် ယခုနှစ်အခမ်းအနားအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ လုံခြုံရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်မျိုးဆွေဝင်းကလည်းကောင်း၊ ကြိုဆိုနေရာ ချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး (တွဲဖက်တာဝန်) ဦးမင်းချစ်ဦးကလည်းကောင်း၊ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလည်းကောင်း၊ ဘဏ္ဍာရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေ အနေများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ကလည်းကောင်း၊ ဖိတ်ကြားရေးနှင့် နေရာချထားရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက လည်းကောင်း၊ ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာန ထောက်ပံ့နှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး၊ ဒုတိယဗိုလ်မှူးကြီး တင်မောင်လွင်က လည်းကောင်း၊ အလံတင်အခမ်းအနား စီစဉ်ရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မောင်မောင်က လည်းကောင်း၊ မြေစိုက်ပိုစတာများ စိုက်ထူရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မိုးက လည်းကောင်း၊ ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့က လည်းကောင်း၊ ကျန်းမာရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က လည်းကောင်း၊ ညစာစားပွဲ ခင်းကျင်းကျွေးမွေးရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဗရတ်ဆင်းက လည်းကောင်း၊ စာရင်း စစ်ဆေးရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက လည်းကောင်း၊ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က လည်းကောင်း၊ ပြန်ကြားရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်တို့က (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

 

ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 

 

(သတင်းစဉ်)

 

11