နေပြည်တော်  ၁၃   ဒီဇင်ဘာ 

 

၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးကြည်မင်း၊ ဦးကျော်မျိုး နှင့် ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

          

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတက  ၂ဝ၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရ ရှိစွာဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ  ကို ဒုတိယသမ္မတ(၁) ဦးဆောင်၍ အဖွဲ့ဝင်(၁၄)ဦးဖြင့်လည်းကောင်း၊ စီမံခန့်ခွဲမှုကော်မတီ ကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ အဖွဲ့ဝင် (၁၉)ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီ (၁၄)ခု ကိုလည်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။

 

7

        

၂ဝ၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်( ၅ )ရပ် မှာ  “ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ” ၊ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုစိတ်ဓါတ်အရင်းခံ၍ အောင်မြင်သည်အထိ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရေး ” ၊ “ တရားဥပဒေစိုးမိုးရေး၊ မှန်ကန်သည့် တရားစီရင်ရေး နှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့်  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး ” ၊ “ မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန်အဖြစ် ကြိုတင်တားဆီးကာကွယ်ခြင်းဖြင့် ပြည်သူများ၏ လူမှု အဆင့်အတန်းတိုးတက်မြင့်မားစေရေး ” နှင့် “ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ” တို့ ဖြစ်ပါကြောင်း။

        

ပြည်ထောင်စုနေ့အခမ်းအနားသည် နှစ်စဉ်ကျင်းပသည့် နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်သဖြင့် ချမှတ်ထားသည့် အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အဖက်ဖက်မှ ပြည့်စုံအောင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ၂ဝ၂၀ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီမံခန့်ခွဲမှုကော်မတီ နှင့် ဆပ်ကော်မတီ (၁၄)ခုတို့အနေဖြင့် ယခင်နှစ်များ၏ အတွေ့အကြုံများအပေါ် သင်ခန်းစာယူပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်ပြည့်စုံစေရေး အချင်းချင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း။

       

နိုင်ငံ့လွတ်လပ်ရေးသမိုင်းကြောင်းကို ပြန်ကြည့်ပါက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ပြန်လည်တည်ဆောက်ပြီး ပြည်မနှင့် တောင်တန်းဒေသတို့ တစ်ပြိုင်တည်း လွတ်လပ်ရေးရရှိစေရန်အတွက် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ပင်လုံညီလာခံ ကို ကျင်းပခဲ့ပြီး တိုင်းရင်းသားအားလုံး တစ်ညီတစ်ညွတ်တည်း ပင်လုံစာချုပ် ချုပ်ဆိုကာ လွတ်လပ်ရေးကိုရယူခဲ့ပါကြောင်း၊ ထိုသို့တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်မှုကို အခိုင်အမာဖော်ကျူးပြသနိုင်ခဲ့သည့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည့်နေ့ကို “ပြည်ထောင်စုနေ့”  အဖြစ် သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် (၇၃)နှစ်ရောက်ခဲ့ပြီဖြစ်ပါကြောင်း။

        

ပင်လုံညီလာခံ၏ ရလဒ်ကြောင့် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှုရရှိကာ လွတ်လပ်ရေးပြန်လည်ရရှိခဲ့ပါကြောင်း၊ ယနေ့တွင်လည်း နိုင်ငံတော်အတွက် အရေးအကြီးဆုံး ဖြစ်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးစားဆောင်ရွက်နေသည့် အချိန်လည်းဖြစ်ပါကြောင်း၊ ပင်လုံညီလာခံ၏ရလဒ်ကို နမူနာယူပြီး ပင်လုံစိတ်ဓာတ်ဖြင့် စိတ်ရှည်ဇွဲရှိစွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မည်ဆိုပါက ငြိမ်းချမ်းရေးပန်းတိုင်ကို အနှေးနှင့် အမြန် ရောက်ရှိနိုင်မည်ဟု ယုံကြည်လျက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ကျင်းပလျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးရမှ မိမိတို့နိုင်ငံ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည် ဆိုသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။

 

7

        

တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့် လွတ်လပ်ရေးရရှိခဲ့သဖြင့် “ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် နိုင်ငံတော်အတွက် အသက်တမျှအရေးကြီးကြောင်း ” ကို နောင်လာ နောက်သားများ သိရှိစေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့ကို နှစ်စဉ်ကျင်းပလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ယဉ်ကျေးမှုဓလေ့ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံတို့ဖြင့် ဖွဲ့စည်းတည်ရှိသည့် ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ကွဲပြားခြားနားသည့် ပထဝီဝင်ဒေသ အသီးသီးတွင်ရှိကြသော တိုင်းရင်းသားအသီးသီးသည် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့စရိုက်များကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်း စောင့်ရှောက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နောင်လာနောက်သားများ သိရှိရန်အတွက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို ထုတ်ဖော်ပြသရင်း ထိန်းသိမ်းစောင့်ရှောက်နေခြင်းလည်း ဖြစ်ပါကြောင်း။

        

၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို အခမ်းအနားအစီအစဉ် အပိုင်း (၂)ပိုင်းနှင့် ကျင်းပသွားမည်ဖြစ်ရာ ပထမပိုင်းအနေဖြင့် နံနက်ပိုင်းတွင် အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ၊ ညနေပိုင်းတွင် ညစာစားပွဲနှင့် ဖျော်ဖြေရေး အခမ်းအနား တို့ဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနားအစီအစဉ် အပိုင်း(၂)ပိုင်းကို တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ကော်မတီနှင့်  ဆပ်ကော်မတီများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို အောင်မြင်အောင် စနစ်တကျ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

        

ယခင်နှစ်က ကျင်းပခဲ့သည့်  “(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပခဲ့မှုများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့်အစည်းအဝေး” ကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးတွင် အစည်းအဝေးဆုံးဖြတ်ချက်ပေါင်း (၁၅)ချက်ကို ချမှတ်ခဲ့ပါကြောင်း၊ ကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ယခုကျင်းပမည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်သေချာစွာ သုံးသပ်၍ အလေးထားပြုပြင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

        

၂၀၂၀ ပြည့်နှစ်၊ (၇၃) နှစ်မြောက်ပြည်ထောင်စုနေ့အတွက် နိုင်ငံတော်က ချမှတ်ပေးထားသည့် အမျိုးသားရေးဦးတည်ချက် (၅)ရပ်၏အနှစ်သာရများကို ပြည်သူများ သိရှိနားလည် နိုင်ရေးအတွက် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်းများ အားလုံးမှ ပြန်ကြား၊ ဖျော်ဖြေ၊ ပညာပေးအစီအစဉ်အမျိုးမျိုးဖြင့် ထုတ်လွှင့်ဖော်ပြနိုင်ရေးနှင့် လက်ရှိကာလ ပြည်ထောင်စုအစိုးရအဖွဲ့၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် ချက်များကို ပေါ်လွင်စေသည့် နောက်ခံရုပ်ပုံများကိုလည်း ထည့်သွင်းဖော်ပြသွားရန် လိုအပ် မည် ဖြစ်ပါကြောင်း။

        

ထို့ပြင် အခမ်းအနားသို့ လာရောက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီ ဥက္ကဋ္ဌများနှင့် ပါတီခေါင်းဆောင်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တည်းခို နေထိုင်မည့်နေရာများတွင် သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေရေး၊ စားသောက်နေထိုင်ရေး နှင့် သွားလာမှုအဆင်ပြေစေရေးတို့အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားကြရန်နှင့် အခမ်းအနားအားလုံးအတွက် A Plan အပြင် B Plan ကိုပါ ကြိုတင်ပြင်ဆင် ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

        

ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိစွာနှင့် အောင်မြင်အောင် ကျင်းပ နိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။   

        

ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တောင်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင် ကဆပ်ကော်မတီများဖွဲ့စည်း ထားရှိမှု၊ ယခင်နှစ်က ဆောင်ရွက်ခဲ့သည် အခြေအနေများနှင့် ယခုနှစ် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ လုံခြုံရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ကလည်းကောင်း၊ ကြိုဆိုနေရာ ချထားရေး ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီးဦးကျော်မျိုးနှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ် တို့ကလည်းကောင်း၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေ များကို ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း က လည်းကောင်း၊ ဘဏ္ဍာရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင် က လည်းကောင်း၊ ဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို နေပြည်တော်ကောင်စီဝင်ဦးအောင်မြင်ထွန်းနှင့်နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင် တို့ကလည်းကောင်း၊ ဧည့်ခံ ကျွေးမွေးရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ဒုတိယဗိုလ်မှူးကြီး တင်မောင်လွင် ကလည်းကောင်း၊ အလံတင်အခမ်းအနားစီစဉ်ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီး ဗိုလ်မှူးကြီးသိန်းဇော်က လည်းကောင်း၊ မြေစိုက်ပိုစတာများ စိုက်ထူရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးဆန်းနိုင် က လည်း ကောင်း၊ ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့်  အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ တို့ကလည်းကောင်း၊ ကျန်းမာရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းကလည်းကောင်း၊ ညစာစားပွဲခင်းကျင်းကျွေးမွေး ရေးဆပ်ကော်မတီ ၏ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး ကလည်းကောင်း၊ စာရင်းစစ်ဆေး ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦး ကလည်းကောင်း၊ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကလည်းကောင်း၊ ပြန်ကြားရေးဆပ် ကော်မတီ၏ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင် ကလည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ကြသည်။

        

ထို့နောက်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း ၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြား ရေးမှူးချုပ် ဦးခင်မောင်ဝင်း၊ ထောက်ပံ့ နှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယဗိုလ်မှူးကြီး တင်မောင်လွင်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူ  တို့က ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အောင်မြင်စွာကျင်းပရေးအတွက် လိုအပ်သည်များကိုအကြံပြု ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။

        

ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီးနိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

( သတင်းစဉ် )