နေပြည်တော်၊  ၃  ဒီဇင်ဘာ

၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အမြဲတမ်းအတွင်းဝန်နှင့် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဦးခင်မောင်ဝင်းနှင့် ဦးဝင်းမော်ထွန်း၊ တပ်မတော်မှအရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂)နှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

 

အ+

 

ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ယခုကျင်းပသည့် အစည်းအဝေးသည် ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊  ဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၉)ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၁၆)ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး (၁၅)ချက်၊ ဆောင်ရွက်ဆဲ (၁)ချက်နှင့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက် (၂၁)ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး (၁၈)ချက်နှင့် ဆောင်ရွက်ဆဲ(၃)ချက်တို့ ဖြစ်ပါကြောင်း၊ အစည်းအဝေး (၂)ကြိမ်ပြုလုပ်ခဲ့ရာ စုစုပေါင်းဆုံးဖြတ်ချက် (၃၇)ချက် ချမှတ်ခဲ့ပြီး ဆောင်ရွက်ပြီး (၃၃)ချက်၊ ဆောင်ရွက်ဆဲ (၄)ချက်တို့ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲအချက်များကို သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြား လိုပါကြောင်း။

 

“လွတ်လပ်ရေးနေ့ အခမ်းအနားများ” ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့သော်လည်း ယနေ့ကာလသည် Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့်အတွက် သတ်မှတ်ပေးထားသော လုပ်ငန်းတာဝန်များအပြင် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ” နှင့် “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန”တို့က ထုတ်ပြန်ထားသည့် ပြည်သူသို့ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့် စံလုပ်ငန်းလမ်းညွှန်ချက်များကိုပါ အလေးအနက်ဂရုပြုရမည့် ကိစ္စတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

 “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန” အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများကို ကျင်းပရာတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် “အခမ်းအနား စီစဉ်ဆောင်ရွက်မည့်သူများ လိုက်နာရန် စံလုပ်ငန်း လမ်းညွှန်ချက် (၁၀)ချက်”၊ “လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား” တို့တွင် လိုက်နာဆောင်ရွက်ရမည့် “စံလုပ်ငန်းလမ်းညွှန်ချက် (၆)ချက်”၊ စုစုပေါင်းအချက် (၁၆)ချက်ကို ရေးဆွဲပေး ထားပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာဆပ်ကော်မတီများနှင့် တာဝန်ရှိသူများအနေဖြင့် အဆိုပါ “စံလုပ်ငန်းလမ်း ညွှန်ချက် (၁၆)ချက်” ကို တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

 

လတ်တလောဖြစ်ပွားလျက်ရှိသည့် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါကြောင့် ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့တွင်ကျင်းပမည့် နံနက်ပိုင်းအခမ်းအနားများဖြစ်သည့် “နိုင်ငံတော်အလံတင် စစ်ရေးပြအခမ်းအနား”၊ “နိုင်ငံတော်အလံ အလေးပြုပွဲနှင့် နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနား” နှင့် နိုင်ငံတော်သမ္မတအိမ်တော်၊ သဘင်ဆောင်၌ ကျင်းပမည့် “ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနား”များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပေးထားသည့် စံလုပ်ငန်းလမ်းညွှန်ချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပသွားရမှာဖြစ်ပါကြောင်း။

 

အဆိုပါ အခမ်းအနားများသို့ တက်ရောက်မည့် ဧည့်သည်တော်များနှင့် လူထုပရိသတ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပေးထားသည့် “စံလုပ်ငန်းလမ်းညွှန်ချက်များ”၊ “အမိန့်နှင့် ညွှန်ကြားချက်များ” နှင့်အညီ တက်ရောက်နိုင်ရေးအတွက် တက်ရောက်မည့်လူဦးရေကို သတ်မှတ်လျှော့ချထားပြီးဖြစ်သည့်အပြင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် ပြောကြားလိုပါကြောင်း။

 

နိုင်ငံတော်သမ္မတအိမ်တော်၌ ညနေပိုင်းတွင် ကျင်းပမည့် “လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား” ကို ယခုနှစ်တွင် ကျင်းပခြင်းမပြုတော့ဘဲ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးရှူး၊ မီးပန်းများ ဂုဏ်ပြု ပစ်ဖောက်ခြင်းအစီအစဉ်ကို အများပြည်သူ တွေ့မြင်နိုင်သည့်နေရာများတွင် ခမ်းနားထည်ဝါစွာ ဂုဏ်ပြုပစ်ဖောက် သွားမည်ဖြစ်ပါကြောင်း၊ မီးရှူး၊ မီးပန်းများပစ်ဖောက်ရာတွင်လည်း အန္တရာယ်ကင်းရှင်းစွာ ပစ်ဖောက်နိုင်ရေးအတွက် စနစ်တကျကြိုတင်စီမံပြီး ဇာတ်တိုက်လေ့ကျင့်ထားရန် ပြောကြားလိုပါကြောင်း။

 

လက်ရှိဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါအခြေအနေကြောင့် စာသင်ကျောင်းများ ပိတ်ထားရသည့်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နှစ်စဉ်ကျင်းပနေသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယခုနှစ်တွင် ကျင်းပခြင်းမပြုလုပ်ရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အကြောင်းကြားထားပြီးဖြစ်ပါကြောင်း။

 

လွတ်လပ်ရေးနေ့အခမ်းအနားများ ကျင်းပမည့်နေရာများတွင် ပိုးသတ်ဆေးကြိုတင်ဖြန်းထားနိုင်ရေး၊ အဆိုပါနေရာ အားလုံးတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ထိတွေ့နိုင်မှုများ ရှိနိုင်သည့်အတွက် ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင်ဆောင်ရွက်ထားနိုင်ရေး၊ အခမ်းအနားသို့ တက်ရောက်လာသူများအတွက် နှာခေါင်းစည်း(Mask)များ၊ မျက်နှာအကာ(Face Shield)များနှင့် လက်အိတ် (Glove) များဖြန့်ဝေနိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားရေး၊ အခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးရန်နှင့် လက်ဆေးကြောသန့်စင်နိုင်ရန် လက်သန့်ဆေးရည် (Hand Sanitizer/Gel) များ ထားရှိနိုင်ရေး၊ အခမ်းအနားသို့ တက်ရောက်မည့်သူများအတွက် နေရာခင်းကျင်းရာတွင်လည်း တစ်ဦးနှင့်တစ်ဦး အကွာအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် Social Distancing များအတိုင်း နေရာချထားနိုင်ရေးနှင့် အရေးပေါ်ကျန်းမာရေး ကိစ္စရပ်များအတွက် လုံလောက်သော ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အထောက်အကူပြုယာဉ်များကို ကြိုတင်စီမံ ဆောင်ရွက်ထားနိုင်ရေး တို့ကို သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

“နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ” အနေဖြင့် နေပြည်တော်၊ မြို့တော်ခန်းမရင်ပြင်၌ နံနက် (၇)နာရီတွင် ကျင်းပမည့် “နိုင်ငံတော်အလံအလေးပြုပွဲနှင့် နိုင်ငံတော် သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနား” သို့ တက်ရောက်မည့် အင်အားစာရင်းများ ကိုလည်း အတည်ပြုချက်ရရှိထားပြီ ဖြစ်သည့်အတွက် အချိန်မီဖိတ်ကြားနိုင်ရေးနှင့် လိုအပ်သည့် ပန်ကြားလွှာများ ထည့်သွင်းဖော်ပြနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း။

 

“ပြန်ကြားရေးဝန်ကြီးဌာန” အနေဖြင့်လည်း လွတ်လပ်ရေးနေ့မတိုင်မီနှင့် လွတ်လပ်ရေးနေ့တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖျော်ဖြေရေးအစီအစဉ်များကို သီးခြားထုတ်လွှင့်ပြသ နိုင်ရေးအတွက် “သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန” နှင့် “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန” တို့ ညှိနှိုင်းရိုက်ကူးထုတ်လွှင့်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းများ၊ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော မျိုးချစ်စိတ်ဓာတ်ထက်သန်စေသည့် ဇာတ်လမ်းများ၊ သမိုင်းဝင် တေးသီချင်းများ ထုတ်လွှင့်ပြသနိုင်ရေးနှင့် သတင်းစာ၊ ဂျာနယ်များတွင်လည်း ရေးသားဖော်ပြသွားနိုင်ရေးတို့ကို အချိန်မီ စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

 

လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပို့စကတ်များကိုလည်း အချိန်မီဖြန့်ဝေနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီ များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ အချိန်မီပြီးစီးအောင် ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ထို့အပြင် ဆပ်ကော်မတီအလိုက် အသုံးစရိတ်များကို သေချာစွာစိစစ်တွက်ချက်၍ စနစ်တကျသုံးစွဲသွားရန် ပြောကြား လိုပါကြောင်း။

 

“လုံခြုံရေးဆပ်ကော်မတီ” အနေဖြင့်လည်း သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များအား လစ်ဟာမှုမရှိအောင် ဘက်စုံထောင့်စုံသုံးသပ်ဆောင်ရွက်ကာ စနစ်တကျစီမံချက်များ ရေးဆွဲပြီး လုံခြုံရေးအပြည့်အဝရရှိအောင် စစ်ဆေး ကြပ်မတ်ဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း။

 

ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ယခင်ကျင်းပခဲ့သည့် ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ တွေ့ကြုံနေရ သည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းက ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက် (၂၁)ချက်အနက် ဗဟိုကော်မတီက ဆောင်ရွက်ရမည့်ဆုံးဖြတ်ချက် (၆)ချက်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေက “နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံ အလေးပြုပွဲစစ်ရေးပြဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ နံနက်ပိုင်းအခမ်းအနားများတွင် စစ်ရေးပြ ဆောင်ရွက်မည့် ဂုဏ်ပြုတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စံလုပ်ငန်း လမ်းညွှန်ချက်များအတိုင်း လူဦးရေကန့်သတ်လျှော့ချကာ ဖွဲ့စည်းလေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများ၊ ဇာတ်တိုက်လေ့ကျင့်မှု အခြေအနေများ၊ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် အရာရှိ၊ စစ်သည်များအား Swab ယူကာ သီးခြားထားရှိဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က “နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ဆပ်ကော်မတီ နှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် တာဝန်များ ခွဲဝေချထားမှုအခြေအနေ၊ ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ နံနက်ပိုင်း အခမ်းအနားများအတွက် လူဦးရေကန့်သတ် လျှော့ချကာ တစ်ဦးနှင့်တစ်ဦး(၈)ပေခွာပြီး နေရာချထားမည့် လျာထားမှုအကွက်ချပုံစံနှင့် အစမ်းဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ အခမ်းအနား ကျင်းပရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များကို အများပြည်သူ မြင်သာအောင် ဆိုင်းဘုတ်ကြီးများ စိုက်ထူသွားမည့်အခြေအနေများ၊ ဖိတ်ကြားရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများနှင့် ရင်ထိုးတံဆိပ်၊ ပန်ကြားလွှာနှင့် ယာဉ်ဝင်/ထွက်ခွင့်ကတ်များ ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က “လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် သန်းကျော်စိုးက “မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ”နှင့်စပ်လျဉ်း၍ ဗဟိုကော်မတီ၏  အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် မီးရှူး၊ မီးပန်းများပစ်ဖောက်ရာတွင် ယခင်နှစ်ထက် အရေအတွက်နှင့် အချိန် တိုးမြှင့်ပစ်ဖောက်နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် အများပြည်သူတွေ့မြင်နိုင်သောနေရာများတွင် ခမ်းနားထည်ဝါစွာ ပစ်ဖောက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးမြင့်ဦးတို့က “လုံခြုံရေးဆပ်ကော်မတီ” နှင့်စပ်လျဉ်း၍ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်သွားမည့် လုံခြုံရေးအစီအမံများကို ရှင်းလင်းတင်ပြ ကြသည်။ 

 

ထို့နောက် “ပြန်ကြားရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးနေ့အကြိုကာလတွင် နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ထုတ်လွှင့်ဖော်ပြမည့် လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ်များ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ထုတ်ဝေမည့် သဝဏ်လွှာများ၊ လွတ်လပ်ရေးနေ့ အခမ်းအနားများအား တိုက်ရိုက်ထုတ်လွှင့်သွားမည့် အစီအအမံများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရိုက်ကူးထားသည့် ယိမ်းအကများနှင့် ပြဇာတ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက “နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အမြဲတမ်း အတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းတို့က “ကျန်းမာရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျန်းမာရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ အစည်းအဝေးဆုံးဖြတ်ချက်များပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ COVID-19 ရောဂါကူးစက် ဖြစ်ပွားမှုမရှိစေရေးအတွက် လိုအပ်သည့်ဆေးနှင့် အကာအကွယ်ပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အခမ်းအနားကျင်းပမည့်နေရာများတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အခမ်းအနားတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား ကျန်းမာရေး ဆေးစစ်မှု ကြိုတင်ဆောင်ရွက်မည့် အခြေအနေများနှင့် အခမ်းအနားကျင်းပရာတွင် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်ချက် (၁၆)ချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီစစ်ဆေး ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က “အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ” နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက “စာရင်းစစ်ဆေးရေး ဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များနှင့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်က ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်သမ္မတအိမ်တော်၊ သဘင်ဆောင်၌ကျင်းပမည့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စံလုပ်ငန်းလမ်းညွှန်ချက် များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အခမ်းအနား သို့ တက်ရောက်မည့် လူအင်အားလျှော့ချထားမှုအခြေအနေ၊ တက်ရောက်မည့် ဧည့်သည်တော်များအား Social Distancing နှင့်အညီ နေရာချထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် သက်ဆိုင်ရာ ဌာနများအလိုက် တာဝန်ခွဲဝေချထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော အခမ်းအနားများ မကျင်းပမီနှင့် ကျင်းပနေစဉ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများအလိုက် တင်ပြချက်များ၊ အကြုံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။ 

သတင်းစဉ်