နေပြည်တော်  ၂၈ အောက်တိုဘာ

 

၂၀၂၁ ခုနှစ်၊ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

p1+

 

အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အမြဲတမ်းအတွင်းဝန်နှင့် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဦးခင်မောင်ဝင်းနှင့် ဦးဝင်းမော်ထွန်း၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် အောင်လင်းထွန်း၊ စစ်လက်နက် ပစ္စည်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁)နှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက် ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတ က (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် “၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ” ကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၂၅)ရက်တွင် အမျိုးသားရေးဦးတည်ချက် (၅)ရပ်ချမှတ်ကာ (၂၇)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဗဟို ကော်မတီကချမှတ်သည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် ဆပ်ကော်မတီ(၁၀)ခုကို ဖွဲ့စည်းခဲ့ပြီး ဆပ်ကော်မတီများအနေဖြင့်လည်း လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကို အောင်အောင်မြင်မြင်နှင့် ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို စနစ်တကျ သေချာစွာ ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း၊ ဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၉)ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက် (၁၆)ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး (၁၂)ချက်၊ ဆောင်ရွက်ဆဲ (၄)ချက်ရှိသည်ကို တွေ့ရပါကြောင်း၊ ဆောင်ရွက်ဆဲအချက်များကိုလည်း သတ်မှတ်ချိန်အတွင်း အမြန်ပြီးပြတ်အောင် သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

 

p2+

 

လွတ်လပ်ရေးနေ့အခမ်းအနားသည် နှစ်စဉ်နှစ်တိုင်းကျင်းပနေသည့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သော် လည်း ယနေ့ကာလသည် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့်အတွက် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော အခမ်းအနားများ ကျင်းပရာတွင် ယခင်နှစ်က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များအပြင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ထုတ်ပြန်ထား သည့် ပြည်သူသို့ ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကိုပါ အရေးတကြီး ကိစ္စတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လွတ်လပ်ရေးနေ့ အခမ်းအနားများကို အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ နိုင်ငံရေးအနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပသွားရန်နှင့် ကျင်းပရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ထည့်သွင်းစဉ်းစားကာ ယခင်ကျင်းပခဲ့သည့် အခမ်းအနားများ၏ အတွေ့အကြုံများအပေါ် အခြေခံ၍ အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်ကျင်းပမည့် လွတ်လပ်ရေးနေ့အခမ်းအနားများကို ယခင်နှစ်များ က နံနက်ပိုင်းတွင် “နိုင်ငံတော်အလံတင် စစ်ရေးပြအခမ်းအနား”၊  “နိုင်ငံတော် အလံအလေးပြုပွဲနှင့် နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား”၊ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်တွင် “ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား”တို့ကို ကျင်းပခဲ့ပြီး  ညနေပိုင်းတွင် “နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ညစာစားပွဲအခမ်းအနား” တို့ကို ကျင်းပခဲ့ပါကြောင်း။

 

သို့ရာတွင် လတ်တလော ကမ္ဘာတစ်ဝန်းဖြစ်ပွားလျက်ရှိသည့် Coronavirus Disease 2019 (COVID-19) ရောဂါကြောင့် ယခုနှစ်တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၌ နံနက် (၄)နာရီ မိနစ် (၂၀)တွင် “နိုင်ငံတော်အလံတင် စစ်ရေးပြအခမ်းအနား”၊ နံနက် (၇) နာရီတွင် “နိုင်ငံတော် အလံအလေးပြုပွဲနှင့် နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား”၊ နံနက် (၉) နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်၊ သဘင်ဆောင်၌ “ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား” များကို ကျင်းပသွားမည် ဖြစ်ပါကြောင်း။

 

နေပြည်တော်၌ နံနက်ပိုင်းတွင်ကျင်းပမည့် “နိုင်ငံတော်အလံတင်စစ်ရေးပြအခမ်းအနား”နှင့် “နိုင်ငံတော်အလံ အလေးပြုပွဲနှင့် နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနား” တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ အကြံပြုချက်များနှင့်အညီ ဧည့်သည်တော်များနှင့် လူထုပရိသတ်များကို တစ်ဦးနှင့်တစ်ဦး Social Distancing များအတိုင်း နေရာချထားပေးမည်ဖြစ်ရာ ဝင်ဆံ့မှုအပေါ် မူတည်၍ တက်ရောက်မည့် အရေအတွက်ကိုလည်း လျှော့ချလျာထားပြီးဖြစ်ပါကြောင်း၊ “ဂုဏ်ထူးဆောင် ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား” ကို ၂၀၂၁ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်၊ သဘင်ဆောင်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရန်လျာထားပြီး ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများကို ယခု ၂၀၂၁ခုနှစ် တွင် ချီးမြှင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတအိမ်တော်တွင် ညနေပိုင်း၌ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည့် “လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား”ကို COVID-19 ရောဂါကင်းစင်ပါက ကျင်းပမည်ဖြစ်ပြီး မကင်းစင်ပါက လုံးဝမကျင်းပသင့်ကြောင်းကိုလည်း (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီက သက်ဆိုင်ရာဆပ်ကော်မတီများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များအားလုံးကို အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊ ယခုလက်ရှိ အနေအထားအရ “လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား”ကို ကျင်းပပြုလုပ်နိုင်မည်မဟုတ်သော်လည်း လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် မီးရှူး၊ မီးပန်းများ ပစ်ဖောက်မှုကို ခမ်းနားထည်ဝါစွာနှင့် အန္တရာယ်ကင်းရှင်းစွာ ပစ်ဖောက်နိုင်ရေး အတွက် စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ထားရန်လိုကြောင်း။

 

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း လွတ်လပ်ရေးနေ့မတိုင်မီနှင့် လွတ်လပ်ရေးနေ့တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများ၊ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော မျိုးချစ်စိတ်ဓာတ် ထက်သန်စေသည့် ဇာတ်လမ်းများ၊ သမိုင်းဝင်တေးသီချင်းများ ထုတ်လွှင့်ပြသနိုင်ရေးနှင့် သတင်းစာ၊ ဂျာနယ်များတွင်လည်း ရေးသားဖော်ပြသွားနိုင်ရေးအတွက် အချိန်မီ စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ လုံခြုံရေးဆပ်ကော်မတီ အနေဖြင့်လည်း သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များအား လစ်ဟာမှုမရှိအောင် ဘက်စုံထောင့်စုံ သုံးသပ်ဆောင်ရွက်ကာ စနစ်တကျစီမံချက်များရေးဆွဲပြီး လုံခြုံရေး အပြည့်အဝရရှိအောင် အမြဲစစ်ဆေးဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပို့စကတ်များကိုလည်း အချိန်မီဖြန့်ဝေနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီများက ကြိုတင်စီမံဆောင်ရွက် သွားကြရန်ပြောကြားလိုပါကြောင်း၊ ထို့ပြင် ဆပ်ကော်မတီအလိုက် အသုံးစရိတ်များကို သေချာစွာ စိစစ်တွက်ချက် တင်ပြသုံးစွဲသွားရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် လွတ်လပ်ရေးနေ့အခမ်းအနားများ ကျင်းပရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရမည့် “စံလုပ်ငန်း လမ်းညွှန်ချက်များ (Standard Operating Procedure-SOP) ” အတိုင်းစနစ်တကျ တိကျစွာ လိုက်နာ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ အနေဖြင့် ယခင်ကျင်းပခဲ့သည့် ဗဟိုကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ယခင်နှစ်များက ကျင်းပခဲ့သည့် အခမ်းအနားများ၏ အားသာချက်/ အားနည်းချက်များနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းက လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက် (၁၆)ချက်နှင့် စပ်လျဉ်း၍ ဗဟိုကော်မတီက ဆောင်ရွက်ရမည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ က နိုင်ငံတော် အလံတင်နှင့် နိုင်ငံတော်အလံ အလေးပြုပွဲ စစ်ရေးပြဆပ်ကော်မတီနှင့် စပ်လျဉ်း၍ နံနက်ပိုင်း အခမ်းအနားများတွင် စစ်ရေးပြဆောင်ရွက်မည့် ဂုဏ်ပြုတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ အကြံပြုချက်များအတိုင်း တစ်ဦးနှင့်တစ်ဦး (၈)ပေခြားပြီး လူဦးရေ ကန့်သတ်လျှော့ချကာ ဖွဲ့စည်းလေ့ကျင့် ဆောင်ရွက်နေမှု အခြေအနေများ၊ ဇာတ်တိုက်လေ့ကျင့်မှု အခြေအနေများ၊ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် အရာရှိ၊ စစ်သည်များအား Swab ယူကာ သီးခြားထားရှိ ဆောင်ရွက် သွားမည့် အစီအမံများကိုလည်းကောင်း၊  နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ နံနက်ပိုင်းအခမ်းအနားများအတွက် လူဦးရေကန့်သတ်လျှော့ချကာ တစ်ဦးနှင့်တစ်ဦး (၈)ပေခွာပြီး နေရာချထားမှုလျာထား အကွက်ချပုံစံနှင့် အစမ်းလေ့ကျင့် ဆောင်ရွက်မှုအခြေအနေ၊ အခမ်းအနားကျင်းပရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေနှင့် ဖိတ်ကြားရေးအတွက် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများ၊ ဆပ်ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် တာဝန်များ ခွဲဝေချထားမှုအခြေအနေ၊ ရင်ထိုးတံဆိပ်၊ ပန်ကြားလွှာနှင့် ယာဉ်ဝင်/ထွက်ခွင့်ကတ်များ ကြိုတင်ပြင်ဆင် ထားရှိမှုများကို လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ COVID-19 ရောဂါ ကင်းစင်ပါကဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်က မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မီးရှူးမီးပန်းများကို ခမ်းနားထည်ဝါစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ပစ်ဖောက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေ များကို လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် အောင်အောင်နှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးမြင့်ဦးတို့က လုံခြုံရေးဆပ်ကော်မတီနှင့်စပ်လျဉ်း၍ ပေးအပ် ထားသည့် လုပ်ငန်းတာဝန်များအပေါ် ဆက်လက်ဆောင်ရွက်မည့် လုံခြုံရေးစီမံချက်များကို လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က ပြန်ကြားရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးနေ့ အကြိုကာလတွင် နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ထုတ်လွှင့်ဖော်ပြမည့် လျာထားချက်များ၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ်များ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေမည့် သဝဏ်လွှာများ၊ လွတ်လပ်ရေးနေ့ အခမ်းအနားများအား တိုက်ရိုက်ထုတ်လွှင့်သွားမည့် အစီအအမံများနှင့် လွတ်လပ်ရေးနေ့တွင် ဘွဲ့ထူးဂုဏ်ထူးရရှိသူများ၏ အမည်စာရင်းများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ က နံနက်ပိုင်း အခမ်းအနားအတွက် တိုင်းရင်းသား/တိုင်းရင်းသူ (၃၂)ဦး တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာမူကြမ်း ပြုစုထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းတို့က ကျန်းမာရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ နံနက်ပိုင်းတွင် ကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားများတွင် ပါဝင်ဆောင်ရွက်မည့်သူများအား COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးသွားမည့် အစီအမံများ၊ အခမ်းအနားသို့ တက်ရောက်မည့်သူများအား COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးပစ္စည်းများဖြစ်သည့် လက်အိတ်၊ Face Shield နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးသွားမည့် အစီအမံများ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အကြံပြုချက်များများကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က COVID-19 ရောဂါကင်းစင်ပါက အားကစား ပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက စာရင်းစစ်ဆေးရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များနှင့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ၂၀၂၁ ခုနှစ်၊ လွတ်လပ်ရေးနေ့ တွင် ကျင်းပပြုလုပ်မည့် “ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား ” ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု  အခြေအနေများ ကိုလည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက လွတ်လပ်ရေးနေ့ အခမ်းအနားများ ကျင်းပနေစဉ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း  ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ဆပ်ကော်မတီများအလိုက် တင်ပြချက်များ၊ အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်