နေပြည်တော် ၇ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဒေါက်တာထွန်းနိုင်၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်အောင်လင်းထွန်း၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ညွန်ကြားရေးမှူး ဗိုလ်ချုပ်သန့်ဇင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅)ရပ်နှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “၂၀၂၀ ပြည့်နှစ်၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ” ကို ဒုတိယသမ္မတ ဦးဆောင်၍ (၃၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီကချမှတ်သည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီ(၁၀)ခုကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့်လည်း လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကို အောင်အောင်မြင်မြင်နှင့် နိုင်ငံရေးအနှစ်သာရ ပိုမိုပြည့်ဝစွာ ကျင်းပနိုင်ရေးအတွက် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို သေချာစွာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
ဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၁၀)ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်ပေါင်း (၂၁)ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး (၃)ချက်နှင့် ဆောင်ရွက်ဆဲ (၁၈)ချက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အမြန်ပြီးပြတ်အောင် ဆောင်ရွက်ကြရန်နှင့် ယခင်နှစ်က ကျင်းပခဲ့သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအပေါ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးဆုံးဖြတ်ချက် (၂၉)ချက်ကိုလည်း အလေးအနက်ထား အကောင်အထည်ဖော် ပြုပြင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွတ်လပ်ရေးနေ့အခမ်းအနားများကို အမျိုးသားရေးဦးတည်ချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားကြရန်ဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်ပြီး နိုင်ငံရေး အနှစ်သာရ ပြည့်စုံစွာ ကျင်းပနိုင်ရေးအတွက် ယခင်ကျင်းပခဲ့သည့် အခမ်းအနားများ၏ အတွေ့အကြုံများအပေါ် အခြေခံ၍ အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကျင်းပမည့် လွတ်လပ်ရေးနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပသည့် ပုံစံအတိုင်းနံနက်ပိုင်းတွင် “နိုင်ငံတော်အလံတင်အခမ်းအနား” နှင့် “နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား” ပြုလုပ်သွားမည်ဖြစ်ပြီး ညနေပိုင်းတွင် “နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲအခမ်းအနား” ကို ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ လစ်ဟာမှုမရှိအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်မည့် အင်အားစာရင်းနှင့် တာဝန်ကျသည့် ဝန်ထမ်းအင်အားစာရင်းများ ကွာဟမှုမရှိစေရေး သက်ဆိုင်ရာဆပ်ကော်မတီအလိုက် အသေးစိတ်ပေါင်းစပ်ညှိနှိုင်းသွားကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မီးရှူးမီးပန်းများ ပစ်ဖောက်ရာတွင်လည်း အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျကြိုတင်စီမံ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
အခမ်းအနားသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များ ဝင်/ထွက်မှုအဆင်ပြေစေရေး၊ ကြိုဆိုနေရာချထားမှုအပိုင်းတွင် လစ်ဟာမှုမရှိစေရေး၊ ကျွေးမွေးဧည့်ခံမှုအပိုင်းနှင့် ဖျော်ဖြေရေးအပိုင်းတို့တွင် အဆင်ပြေစနစ်တကျရှိစေရေးအတွက် သက်ဆိုင်ရာကော်မတီများအလိုက် ပူးပေါင်းညှိနှိုင်းကာ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပို့စကတ်များ အချိန်မီဖြန့်ဝေနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီများအနေဖြင့် ကြိုတင်စီမံဆောင်ရွက်သွားကြရန်၊ ဆပ်ကော်မတီများ၏ အသုံးစရိတ်များကို သေချာစွာစိစစ်တွက်ချက်၍ တင်ပြသုံးစွဲသွားကြရန်နှင့် ရာသီဥတု အခြေအနေသည် ခန့်မှန်းမရနိုင်သဖြင့် အခမ်းအနားအားလုံးအတွက် Plan A အပြင် Plan B ကို ထည့်သွင်းပြင်ဆင်ထားကြရမည် ဖြစ်ပါကြောင်း။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ယခင် ကျင်းပခဲ့သည့် ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်း အခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းက လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက် (၂၁)ချက်နှင့်စပ်လျဉ်း၍ ဗဟိုကော်မတီက ဆောင်ရွက်ရမည့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် “နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ စစ်ရေးပြဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို တိုင်းမှူးဗိုလ်ချုပ်မြင့်မော် ကလည်းကောင်း၊ “နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့ကလည်းကောင်း၊ “လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်း၊ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် တို့ကလည်းကောင်း၊ “မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ညွန်ကြားရေးမှူး ဗိုလ်ချုပ်သန့်ဇင် ကလည်းကောင်း၊ “လုံခြုံရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးသိန်းဦးတို့က လည်းကောင်း၊ “ပြန်ကြားရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင် တို့ကလည်းကောင်း၊ “နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း ကလည်းကောင်း၊ “ကျန်းမာရေး ဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာလှ ကလည်းကောင်း၊ “အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ကလည်းကောင်း၊ “စာရင်းစစ်ဆေးရေးဆပ်ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးကလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟို ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများအလိုက် ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


