နေပြည်တော် ၃ ဇွန်

 

၂၀၂၀ ပြည့်နှစ်၊ “(၇၃) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

 

mdn

 

အစည်းအဝေးသို့ (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသက်ထွန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးတင်မြင့်၊ ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဗိုလ်ချုပ်မြင့်နွယ်နှင့် ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ ဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ လုံခြုံရေးကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

mdn

 

အစည်းအဝေးတွင် ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံ၏ လွတ်လပ်ရေးအတွက် အသက်ပေးလှူသွားကြသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်ကို မမေ့လျော့စေရန်နှင့်  လွတ်လပ်ရေးရရှိအောင် အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်ခဲ့ရသည်ကို နောင်လာနောက်သားများ သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်ရှင် သန်ထက်မြက်စေရန်ရည်ရွယ်၍ အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်ဆိုလျင် (၇၃)နှစ်ပြည့်မြောက်ပြီ ဖြစ်ပါကြောင်း။

 

ယခုနှစ် ကျင်းပမည့် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး “ဗဟိုကော်မတီ”၊ “လုပ်ငန်းကော်မတီ”နှင့် “လုံခြုံရေးကော်မတီ”တို့ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၃ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၆၉/၂၀၂၀ ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။

 

“(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ” ကို ဒုတိယသမ္မတက နာယက၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ (၂၁)ဦးဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန် (၃)ရပ် ချမှတ်ထားပါကြောင်း၊ အဆိုပါ လုပ်ငန်းတာဝန်များမှာ အာဇာနည်နေ့အခမ်းအနားကျင်းပရေးအတွက် မူဝါဒများချမှတ်ခြင်း၊ အာဇာနည်နေ့အခမ်းအနား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် လုံခြုံရေးကော်မတီတို့၏ လုပ်ငန်းများအား ကြီးကြပ်လမ်းညွှန်ခြင်းနှင့် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) စနစ်တကျ လုံခြုံမှုရှိစေရေးအတွက် စီမံဆောင်ရွက်ခြင်းတို့ ဖြစ်ပါကြောင်း။

 

“(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ” ကို လုပ်ငန်းတာဝန် (၃)ရပ်ချမှတ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး (၂၇)ဦးဖြင့်လည်းကောင်း၊ “(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးလုံခြုံရေးကော်မတီ” ကို လုပ်ငန်းတာဝန် (၁၂)ရပ်ချမှတ်ကာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး (၁၆)ဦးဖြင့် လည်းကောင်း ဖွဲ့စည်းထားပါကြောင်း။

 

ချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျရှိပြီး အဆင်ပြေချောမွေ့စေရေးအတွက် ဆပ်ကော်မတီ (၈)ခုကိုလည်း ယခင်နှစ်များနည်းတူ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းဆပ်ကော်မတီများမှာ “အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ”၊ “ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ”၊ “ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပြသရေးဆပ်ကော်မတီ”၊ “လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနားစီစဉ်ရေး ဆပ်ကော်မတီ”၊ “ကျန်းမာရေးဆပ်ကော်မတီ”၊ “စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီ”၊ “ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ” နှင့် “အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) အလံတင်အခမ်းအနားကျင်းပရေး ဆပ်ကော်မတီ” တို့ဖြစ်ပါကြောင်း။

 

ယခုနှစ်ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားသည် ယခင်နှစ်များက ပုံမှန်ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များအပြင် ကမ္ဘာတစ်ဝန်းလုံးတွင် လတ်တလောဖြစ်ပွားနေသည့် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်နိုင်ရေးကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

 

ပြီးခဲ့သည့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ကျင်းပခဲ့သည့် အစီအစဉ်များမှာ အာဇာနည်နေ့မတိုင်မီ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းမီဒီယာများမှတစ်ဆင့် အာဇာနည်နေ့ဆိုင်ရာ အကြောင်းအရာများကို ကြိုတင်ထုတ်လွှင့်ခြင်း၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် လွမ်းသူပန်းခွေချ အလေးပြုခြင်း၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် ဖွင့်လှစ်ခြင်း၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)တွင် နိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူ အလေးပြုခြင်းနှင့် အာဇာနည်နေ့နှင့် သက်ဆိုင်သည့် ပြခန်းများ ဖွင့်လှစ်ခြင်း၊ နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမနှင့် ရန်ကုန်မြို့ မြို့တော်ခန်းမတွင် အာဇာနည်ခေါင်းဆောင်ကြီးများကိုရည်စူး၍ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

 

ကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျင်းပမည့် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားများကို အောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်ရာတွင် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ” မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန” က ထုတ်ပြန်ထားသော COVID-19 ကူးစက် ရောဂါကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး  အကောင်းဆုံးအစီအမံများချမှတ်ကာ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် စုပေါင်းယာဉ်များ စီးနင်းရာတွင်လည်း ယာဉ်ပေါ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social Distancing အတိုင်း လိုက်နာစီးနင်းရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

အာဇာနည်ဗိမာန်တွင် ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားအတွက် လိုအပ်သည့် အခမ်းအနားပြင်ဆင်မှုများကို အချိန်မီပြီးစီးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်၊ အခမ်းအနားသို့ တက်ရောက်လာကြမည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ အပါအဝင် တက်ရောက်လာကြသူများအား ကြိုဆိုနေရာချထားရာတွင် လစ်ဟာမှုမရှိစေရေး၊ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာစေရေး ဝိုင်းဝန်းပူးပေါင်း၍ စနစ်တကျဆောင်ရွက်ကြရန်နှင့် ဂါရဝပြုသည့်အဖွဲ့များ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဝင်/အထွက် အချိန်ကိုက်ဖြစ်စေရေးတို့ကို သေချာစွာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) တွင် ကျင်းပမည့် အလံတင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စနစ်တကျစုဖွဲ့ပြီး ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်အခန်းနှင့် တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးခန်းမတို့ကို ယခင်နှစ်များအတိုင်း ပြန်လည်ခင်းကျင်းပြသနိုင်ရန်အတွက် လက်ရှိဖြစ်ပေါ်နေသော ကျန်းမာရေးအခြေအနေများအပေါ် မူတည်၍ ယခုနှစ်တွင် ဆောင်ရွက်ရန် သင့်/မသင့်ကိုလည်း ဝိုင်းဝန်းသုံးသပ် ဆွေးနွေးပေးစေလိုပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အဆောက်အအုံ ကြံ့ခိုင်မှုရှိစေရေး၊ အသုံးအဆောင်ပစ္စည်းများကို ယခင်နှစ်အတိုင်း ပြသနိုင်ရေးနှင့် ခြံဝင်းအတွင်း စိုက်ပျိုးသီးနှံများနှင့်တကွ သပ်ရပ်တင့်တယ်စေရေးတို့ကို အချိန်မီပြီးစီးအောင် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

လုံခြုံရေးကော်မတီအနေဖြင့် အခမ်းအနားကျင်းပမည့်နေရာများ၌ လုံခြုံရေးတာဝန် ဆောင်ရွက်ရာတွင် ပေးအပ်ထားသည့် လုပ်ငန်းတာဝန် (၁၂) ရပ်ကို လစ်ဟာမှုမရှိအောင် အထူးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း အာဇာနည်နေ့နှင့် သက်ဆိုင်သော အကြောင်းအရာများအား ပြည်သူများ သိရှိနိုင်ရန်အတွက် ယခင်နှစ်များနည်းတူ သတင်းဆောင်းပါးများ၊ အင်တာဗျူးများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ သီချင်းများ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့သော မှတ်တမ်းများ၊ ရုပ်ရှင်ကားများ စသည်တို့ကို သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ကြိုတင်ထုတ်လွှင့်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ဇူလိုင်လ ၁၉ ရက်နေ့ ခေါင်းဆောင်ကြီးများ ကျဆုံးချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အသိပေးဥဩသံ ထုတ်လွှင့်ခြင်းကိုလည်း အစဉ်အလာတစ်ရပ်အနေဖြင့် ထုတ်လွှင့်ဆောင်ရွက်ပေးသွားရန် ပြောကြားလိုပါကြောင်း။

 

(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို စနစ်တကျ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုံခြုံရေးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့အနေဖြင့် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပြင် ကျန်းမာရေးဆိုင်ရာ ရှုထောင့်များကိုပါ အခြေခံပြီး ယခုကျင်းပမည့်  အခမ်းအနားများ အောင်မြင်အောင် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက် မည့်အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြရန် ပြောကြားသည်။

 

ထို့နောက် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က COVID -19 ကူးစက်ရောဂါဖြစ်ပွားနေမှု အခြေအနေပေါ်မူတည်၍ အာဇာနည်နေ့အခမ်းအနားကျင်းပမည့် အစီအစဉ်များ၊ အခမ်းအနား ပြင်ဆင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဖိတ်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ ရန်ကုန်မြို့တော် ခန်းမ၌ ဆွမ်းဆက်ကပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွမ်းသူ့ပန်းခွေချအလေးပြုအခမ်းအနား စီစဉ်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အလံတင်အခမ်းအနားကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့က (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က ၂၀၂၀ ပြည့်နှစ်၊ (၇၃) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများ အောင်မြင်စွာကျင်းပ နိုင်ရေးအကြံပြုဆွေးနွေးကြသည်။

 

ထို့နောက် ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်