နေပြည်တော် ၂၂ ဇန်နဝါရီ
အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ နဝမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ လုပ်ငန်းကော်မတီ (၆)ခုမှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် “အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ”ကို လုပ်ငန်းတာဝန် (၂၆)ရပ် ချမှတ်ကာ ၂၀၁၆ ခုနှစ်၊ ဇွန် ၂ ရက်တွင် အဖွဲ့ဝင် (၂၅)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် အဖွဲ့ဝင် (၂၈)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ (၆)ခုနှင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီများကိုလည်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
“အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ”၏ (၃)နှစ်ခွဲကျော်ကာလအတွင်း အစည်းအဝေး (၈)ကြိမ် ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် စုစုပေါင်း (၁၀၄)ချက်အနက် ဆောင်ရွက်ပြီး (၅၇)ချက်၊ ဆောင်ရွက်ဆဲ (၄၇)ချက်ရှိပြီး ဆောင်ရွက်ဆဲ (၄၇)ချက်တွင်လည်း ရေရှည်ဆောင်ရွက်ရမည့် အချက် (၁၅)ချက် ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများသည် မြန်မြန်ပြီးစီးပါက မြန်မြန်အကျိုးရှိမည်ဖြစ်သည့်အတွက် အချိန်ကာလသတ်မှတ်ကာ အမြန်ပြီးစီးရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများထဲမှ ထူးခြားအောင်မြင်သည့် ဆောင်ရွက်မှုများအနေဖြင့် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာ (၂၀၁၈-၂၀၃၀)နှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) တို့ကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ထုတ်ပြန်နိုင်ခြင်းသည် သက်ဆိုင်ရာဌာန အသီးသီးအနေဖြင့် နိုင်ငံတော်က ရှေ့ဆက်သွားမည့် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း”ကို အကောင်အထည်ဖော်ရန်အတွက် အခြေခံကျသည့် လမ်းညွှန်ချက်များနှင့် မူဘောင်များဖြစ်ပါကြောင်း။
ထို့ပြင် “သမားရိုးကျ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်” ကို ကျင့်သုံးနေခြင်းမှ “စွန့်ပစ်ပစ္စည်းများအား ထွက်ရှိမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် အသုံးဝင်ပစ္စည်းများအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း” စသည့် နည်းလမ်းများကို အခြေခံသော “ရေရှည်တည်တံ့ခိုင်မြဲပြီး အကျိုးဖြစ်ထွန်းသည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်”သို့ ပြောင်းလဲကျင့်သုံးသွားနိုင်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အတည်ပြုပြီးဖြစ်သည့်အတွက် မကြာမီထုတ်ပြန်နိုင်တော့မည်ဖြစ်ပါကြောင်း။
ထို့အတူ “ပုဂ္ဂလိကကဏ္ဍက အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးလာစေရန်၊ သဘာဝသယံဇာတ ထုတ်ယူအသုံးပြုသည့် စီးပွားရေးလုပ်ငန်းများမှ ထွက်ပေါ်လာသည့် ဆိုးကျိုးသက်ရောက်မှုများကို စီမံခန့်ခွဲနိုင်ရန်၊ ပုဂ္ဂလိကကဏ္ဍအတွက် ဘဏ္ဍာရေးဆိုင်ရာ ရေရှည်စဉ်ဆက်မပြတ် ရရှိနိုင်စေရေးအတွက် သေချာစေရန်နှင့် အဆိုပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည့် အစိုးရဌာနဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်မှုများ ဖွံ့ဖြိုးလာစေရန်” ရည်ရွယ်ချက်များဖြင့် ရေးဆွဲထားသည့် အမျိုးသားအဆင့် အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာမူဘောင်ကိုလည်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
ကော်မတီများ၊ ကြီးကြပ်မှုကော်မတီများနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ဗဟိုကော်မတီက ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုကြိုဆိုပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများသည် ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် နှစ်အလိုက် “နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများ” ရေးဆွဲပြီး စဉ်ဆက်မပြတ် အကောင်အထည်ဖော်သွားကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ပါ လုပ်ငန်းစဉ်များနှင့် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) ပါ လုပ်ငန်းစဉ်များထဲမှ မိမိတို့ လုပ်ငန်းဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းများရေးဆွဲပြီး လိုအပ်သည်များကို ကြိုတင်စီမံဆောင်ရွက်ထားကြရန် ပြောကြားလိုပါကြောင်း။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရေးအတွက် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များကို ပြည်သူများ သိရှိအောင် ပညာပေးခြင်း၊ အသိပညာပြန့်ပွားအောင် ဆောင်ရွက်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးမှုများ ဆောင်ရွက်ပေးခြင်းတို့ကို အမြဲမပြတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာဌာနများနှင့် ကြီးကြပ်မှုကော်မတီအနေဖြင့်လည်း ခွင့်ပြုထားသည့် လုပ်ငန်းများသည် “ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ”အား လိုက်နာဆောင်ရွက်မှုရှိ/မရှိကို စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန်နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိပါက အဆင့်ဆင့်အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားကြရန် မှာကြားလိုပါကြောင်း။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဦးစားပေးစက်မှုလက်မှုကဏ္ဍ (၉)ခုအောက်ရှိ စက်မှုလုပ်ငန်းများကို “ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်”များ ရေးဆွဲတင်ပြရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ အချိန်ကာလ တိုးမြှင့်ပေးခဲ့ရာ မကြာခင် သတ်မှတ်ကာလ ပြည့်တော့မည်ဖြစ်သည့်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် မိမိနယ်မြေဒေသအတွင်းရှိ စက်မှုလက်မှု လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များ ရေးဆွဲတင်ပြနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ စိစစ်ကြပ်မတ် တွန်းအားပေး ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ထို့ပြင် တစ်နေ့ထက်တစ်နေ့ ပြောင်းလဲဖြစ်ပေါ်လာနေသည့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို မျက်ခြေမပြတ်လေ့လာပြီး ရင်ဆိုင်တုံ့ပြန်ဖြေရှင်းနိုင်အောင် လိုအပ်သည့် ကြိုတင်စီမံမှုများကိုလည်း ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာ (၂၀၁၈-၂၀၃၀) နှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)တို့ကို ထုတ်ပြန်ထားပြီးဖြစ်သလို အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)နှင့် အမျိုးသားအဆင့် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာမူဘောင် (၂၀၁၈-၂၀၃၀)တို့ကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေပြီဖြစ်သည့်အတွက် ယနေ့ ရာသီဥတုပြောင်းလဲမှုနှင့် အဏ္ဏဝါပြင်အတွင်း စွန့်ပစ်အမှိုက်များ အပါအဝင် ပလတ်စတစ်အမျိုးမျိုးတို့၏ ညစ်ညမ်းမှုဆိုသည့် ကမ္ဘာလုံးဆိုင်ရာပြဿနာ (၂)ခုကို ဖြေရှင်းနိုင်ရန် လိုအပ်သည့် မူဝါဒနှင့် မူဘောင်တွေ ရှိနေပြီဟု ပြောရမည်ဖြစ်ပါကြောင်း၊ အဆိုပါ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာပြဿနာကို ဖြေရှင်းနိုင်ရန် များစွာအထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားအတွက် ယခုကဲ့သို့ ဆောင်ရွက်ခွင့်ရနေသည့် အချိန်ကာလတွင် မိမိတို့ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်မှုကော်မတီများ၏ ပေါင်းစပ်ညှိနှိုင်းမှု၊ ကြီးကြပ်ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြစေလိုပါကြောင်းနှင့် ယနေ့အစည်းအဝေးတွင် ကော်မတီ၏ (၃)နှစ်ခွဲကျော် ကာလအတွင်း ရရှိခဲ့သည့် အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များအပေါ်တွင် အခြေခံပြီး ကောင်းမွန်သည့် ပတ်ဝန်းကျင်အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရေး အကြံပြုဆွေးနွေးသွားကြရန်နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဗဟိုကော်မတီ၏ အဋ္ဌမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ လုပ်ငန်းကော်မတီများမှ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများကို ပေါင်းစပ်ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (၂၀၁၈-၂၀၃၀)နှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့် ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီဝင် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဝန်ကြီးများ ဖြစ်ကြသည့် ဦးလဆိုင်း၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးမန်းဟင်းဒါးလ်၊ ဦးလှထွေး၊ ဒေါက်တာစောညိုဝင်း၊ ဦးမြင့်ဇော်၊ ဦးမျိုးသစ်၊ ဒေါက်တာမင်းကြည်ဝင်း၊ ဦးကျော်လွင်၊ ဦးဟံထွန်းနှင့် ဦးတင်အောင်ဝင်းတို့က ကော်မတီ၏ (၃)နှစ်ခွဲကျော်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပေါ် အခြေခံပြီး ကောင်းမွန်သည့် ပတ်ဝန်းကျင်အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ချမှတ်ထားသည့် လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအရ ကာကွယ်ကြပ်မတ် ဆောင်ရွက်နေမှုများ၊ Chain Saw နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှု၊ အသုံးပြုမှုနှင့်စပ်လျဉ်း၍ ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံ သစ်တောအသင်း၊ အတွင်းရေးမှူး ဦးတင်အေးနှင့် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်တို့က အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပိုမိုပူးပေါင်းပါဝင်လာစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများအား ယခုထက် ဆောင်ရွက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
အကြံပြုဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။
ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ နဝမအကြိမ် ညှိနှိုင်းစည်းအဝေး ဆုံးဖြတ်ချက်များကို တင်ပြပြီး အစည်းအဝေးဆုံးဖြတ်ချက်ပေါင်း (၁၇)ချက်ကို အတည်ပြုချမှတ်ခဲ့သည်။
ယင်းနောက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်