နေပြည်တော်  ၂ အောက်တိုဘာ

 

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေး (Virtual Meeting) ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီနာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

 

u2

 

အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ ဗဟိုကော်မတီဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ဗဟိုကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေး မှူးချုပ်များ တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတွင်းရေးမှူးများ၊  လုပ်ငန်း ကော်မတီ(၆)ခုမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်၊  ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများမှကိုယ်စားလှယ်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

 

u3

 

ရှေးဦးစွာ ဗဟိုကော်မတီနာယက၊ ဒုတိယသမ္မတက အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ လေးနှစ်ကျော်ကာလအတွင်း အစည်းအဝေး(၉)ကြိမ် ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် စုစုပေါင်း (၁၂၁)ချက်အနက် ဆောင်ရွက်ပြီး (၇၂)ချက်၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပါအဝင် ဆောင်ရွက်ဆဲ (၄၉)ချက်ရှိသည်ကို တွေ့ရပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများသည် မြန်မြန်ပြီးလေ အကျိုးရှိလေ ဖြစ်သည့်အတွက် အမြန်ပြီးစီးရေး အချိန်ကာလသတ်မှတ်ကာ ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးမှာ စနစ်တကျစီမံမှုမရှိသည့် မြို့ပြများ၊ စက်မှုဇုန်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အလွန်အကျွံ တိုးချဲ့မှုများကြောင့် ကာဗွန်ထုတ်လွှတ်မှုများပြားစေသည့်အပြင် ဂေဟစနစ်များပျက်စီးခြင်း၊ သစ်တော ပြုန်းတီးစေခြင်း၊ တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများပျောက်ဆုံးခြင်း၊ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို လျင်မြန်စေခြင်းတို့ အပါအဝင် လူသားများ၏ လုပ်ဆောင်မှုများသည် သဘာဝတရား၏ ဟန်ချက်ညီမျှမှုကို ပြိုကွဲပျက်စီးစေသည့်အပြင် သက်ရှိများ၏ ရှင်သန်ရပ်တည်မှုနှင့် နိုင်ငံ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်နေသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း။ 

 

ထို့ကြောင့် နိုင်ငံအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်အခါမှာ စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ ဖြစ်ပေါ်လာ နိုင်သည့် ပတ်ဝန်းကျင်ထိခိုက်ယိုယွင်းပျက်စီးမှုများကို ရှောင်ရှားနိုင်ရန်နှင့် ပတ်ဝန်းကျင်နှင့် သဘာဝဂေဟစနစ် ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် ထိရောက်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို အဓိက ဦးစားပေးတစ်ရပ်အနေဖြင့် အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဆိုသည်မှာ လက်ရှိကာလတွင်သာမဟုတ်ဘဲ မိမိတို့၏ အနာဂတ်သားစဉ်မြေးဆက်များကို ကောင်းမွန် သန့်ရှင်းသည့် ပတ်ဝန်းကျင်အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရန်အတွက် ဆောင်ရွက်နေရသည့် လုပ်ငန်းဖြစ်၍ မိမိတို့ ဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်မှုကော်မတီ တို့အနေဖြင့် ထိုတာဝန်ကိုဆောင်ရွက်နေရခြင်းသည် အလွန်ဂုဏ်ယူစရာဖြစ်ပါကြောင်း၊ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ နိုင်ငံတော်ကချမှတ်ထားသည့် ပတ်ဝန်းကျင် ရေးရာမူဝါဒ၊ ဆက်စပ်မဟာဗျူဟာ ပင်မလုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့် နိုင်ငံတကာ စံချိန်စံညွှန်း အလေ့အကျင့်ကောင်းများနှင့်အညီ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလွန်အရေးကြီးပါကြောင်း။

 

ကော်မတီ၏ ထူးခြားသည့် အောင်မြင်မှုအနေနှင့် နိုင်ငံတော်က ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)ပါ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ “မဟာဗျူဟာ’’ နှင့် “ပင်မ လုပ်ငန်းအစီအစဉ်” ၊ မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တို့ကို ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်မှုအပိုင်းအနေဖြင့် ချမှတ်ထားသည့် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းစဉ်များမှာ သတ်မှတ်ထား သော အခြေခံကျသည့် လမ်းညွှန်မူဘောင်များနှင့်အညီ ကဏ္ဍအသီးသီးမှာ ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း လုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရာမှာ  ပတ်ဝန်း ကျင်ဆိုင်ရာ အစီအမံတွေကို ပေါင်းစပ်ဆောင်ရွက်နေသည့်အတွက် တိုးတက်မှုများ ရရှိနေပြီဖြစ်ပါကြောင်း။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများသည် အလွန်ကျယ်ပြန့်သည့် နယ်ပယ်များဖြစ်သည်နှင့်အညီ အရေးကြီးသည့် နယ်ပယ်သစ်များကိုလည်း ဖော်ထုတ်သွားရမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် “သဘာဝသယံဇာတ များ ရေရှည်တည်တံ့စေရေး၊ စက်ရုံ၊ အလုပ်ရုံနှင့် မြို့ပြလုပ်ငန်းများကြောင့် ဖြစ်လာသည့် လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရေး၊ ပလပ်စတစ်အမှိုက်များထိန်းချုပ်ရေး၊ လူများ၏ ကျန်းမာရေးကိုထိခိုက်စေမည့် ဘေးအန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းများထိန်းချုပ်ရေး” စသည့် နယ်ပယ်များအတွက် ရေရှည်အစီအမံများ ဆက်လက်ရေးဆွဲချမှတ် အကောင်အထည် ဖော်နိုင်ရေးကိုလည်း အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။

 

မူဝါဒ၊ မူဘောင်များနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ချမှတ်ခြင်းသာမက ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေနှင့် လက်တွေ့နယ်ပယ်အသီးသီးမှာ ထိရောက်စွာ အကောင်အထည်ဖော် နိုင်ရေးကိုလည်း အလေးပေးဆောင်ရွက်ကြရန် အလွန်အရေးကြီးပါကြောင်း၊ သို့မှသာ သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲမှုဆိုးကျိုးများကို လျှော့ချနိုင်မှာဖြစ်ပြီး မိမိတို့ မျှော်မှန်းသည့် သန့်ရှင်းသည့် ပတ်ဝန်းကျင်၊ ကောင်းမွန်သည့် ဂေဟစနစ်များကို ထိန်းထားနိုင်ခြင်းအားဖြင့် သာယာဝပြောသည့် လူ့အဖွဲ့အစည်းကို ရရှိမှာဖြစ်ပါကြောင်း၊ ချမှတ်ထားသည့် မူဝါဒ၊ မူဘောင်များနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော် သည့်နေရာမှာ ပိုမိုထိရောက်စေရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်သူများအနေနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်အောင် အသိပညာပေးခြင်းကို အဓိကလုပ်ငန်းတစ်ခုအနေဖြင့် အမြဲမပြတ် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် ခွင့်ပြုချက်၊ လိုင်စင် ထုတ်ပေးထားသည့် လုပ်ငန်းစီမံကိန်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေး ကြပ်မတ်အရေးယူ ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါကြောင်း။

 

ထို့အပြင် ပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးထားသည့် အပြည်ပြည် ဆိုင်ရာ သဘောတူညီချက်များအရ သတ်မှတ်ထားသည့် ကတိကဝတ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အစီအမံများရေးဆွဲဆောင်ရွက်ရန် လိုအပ်သလို နည်းပညာနှင့် ဘဏ္ဍာငွေအထောက်အပံ့ ရရှိရေးအတွက်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားဖို့ တိုက်တွန်းလိုပါ ကြောင်း၊ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်မှု ကော်မတီများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်မှု၊  ကြီးကြပ်ဆောင်ရွက်နိုင်မှုများကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်လာသည်ကိုတွေ့ရသည့်အတွက် အလွန်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ထို့အပြင် ဆက်လက်ပြီး လက်တွေ့ကျသည့် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်သစ်များ ဖော်ထုတ်၍ ရေရှည်အစီအမံများ၊ မဟာဗျူဟာမူဘောင်များ ဆက်လက်ရေးဆွဲရေးနှင့် စပ်လျဉ်း၍ “အစိမ်းရောင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမူဝါဒမူဘောင်”၊ “အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာမူဘောင်”၊ “ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု ပင်မလုပ်ငန်းအစီအစဉ်၊” “ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျော ညီထွေရေးဆိုင်ရာ နိုင်ငံအဆင့် လုပ်ငန်းအစီအစဉ်” တို့ကို ယနေ့ အစည်းအဝေးတွင် အတည်ပြုနိုင်ရေး ဝိုင်းဝန်းဆွေး နွေးပေးစေလိုပါကြောင်း၊  ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရန်နှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံနိုင်ရေးအတွက် နိုင်ငံတော်မှချမှတ်ထားပြီးဖြစ်သည့် မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်ပါ အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို ကဏ္ဍအလိုက်၊ နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေး အစီအစဉ်တွင် ထည့်သွင်းပေါင်းစပ်ပြီး ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က ဗဟိုကော်မတီ နဝမအကြိမ် ညှိနှိုင်းအစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ လုပ်ငန်းကော်မတီများမှ ဗဟိုကော်မတီ၏  ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရှေ့လုပ်ငန်း စဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများကို ပေါင်းစပ်ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ဆွေးနွေးဆုံးဖြတ်ရန် အဆိုပြုတင်ပြချက်များနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်းတို့က သတ္တုကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍများအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ  လမ်းညွှန်ချက်များအပြီးသတ် ထုတ်ပြန်နိုင်ရေး၊  ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအပေါ် လိုက်နာမှုရှိ/မရှိ စစ်ဆေးကြပ်မတ်နေမှုများ၊ လက်ကိုင် Chainsaw သုံးစွဲမှုများအား ဒေသန္တရအမိန့် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြ သည်။

 

ထို့နောက်  တိုင်းဒေသကြီးနှင့် ပြည်နယ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဒါရှီလဆိုင်း၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးလာလ်ထောင်ထန်း၊ ဦးလှထွေး၊ ဒေါက်တာစောညိုဝင်း၊ ဦးမျိုးသစ်၊ ဒေါက်တာ မင်းကြည်ဝင်း၊ ဦးကျော်လွင်၊ ဦးဟံထွန်းနှင့် ဦးတင်အောင်ဝင်းတို့က ယခင်အစည်းအဝေးဆုံး ဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အမြဲတမ်းအတွင်းဝန်များ ဖြစ်ကြသည့် ဦးစိုးဟန်၊ ဦးဇော်သန်းသင်း၊ ဦးခိုင်ထွန်းဦး၊ ဦးရဲနိုင်၊ ဦးကိုကိုလွင်၊ ဦးအောင်နိုင်ဦး၊ ဦးမျိုးမြင့်မောင်၊ ဦးထွန်းအုံ၊ ဦးဝင်းခန့်၊ ဦးခင်မောင်ရီ၊ ဦးသန်းဇော်၊ ဦးမြင့်လွင်နှင့် ဦးရွှေလေး၊  ညွန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးမောင်မောင်ကျော်၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ  မြန်မာနိုင်ငံ သစ်တောအသင်းအတွင်းရေးမှူး ဦးတင်အေး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ မြန်မာ့ပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေးကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးထွန်းပေါ်ဦးနှင့် ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်တို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအစဉ်များ၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေမှုအပေါ် တွေ့ကြုံနေရသည့် အခက်အခဲများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအရ ကာကွယ်ကြပ်မတ်ဆောင်ရွက်နေမှု အခြေအနေများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေမှုအခြေအနေများ၊ ရန်ပုံငွေတိုးမြှင့် ရရှိရေး ဆိုင်ရာကိစ္စရပ်များ၊ ဓာတုပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းစွန့်ပစ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။   

 

ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဗဟိုကော်မတီ၏ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကိုတင်ပြပြီး အစည်းအဝေး တက်ရောက်သူအားလုံး၏ သဘောတူညီချက်အရ အစည်းအဝေးဆုံးဖြတ်ချက်ပေါင်း (၁၆)ချက်ကို အတည်ပြု ချမှတ်ခဲ့သည်။

 

ထို့နောက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီနာယက၊ ဒုတိယသမ္မတ က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်