နေပြည်တော် ၅ ဩဂုတ်
အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ၏ (၁/၂၀၂၀)အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင်၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမင်းရဲပိုင်ဟိန်းနှင့် ဦးစိုးအောင်၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပါမောက္ခချုပ်များကော်မတီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံနည်းပညာ ပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း (ဗဟို) တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက “အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ” ၏ (၁/၂၀၁၉) အစည်းအဝေးကို ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက် (၄)ချက် ချမှတ်ခဲ့ပါကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် “သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများဖွံ့ဖြိုးလာစေရန်”၊ “ခေတ်မီသိပ္ပံနှင့် နည်းပညာများကို အခြေခံသည့် သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်”၊ “နည်းပညာပြန့်ပွားရေးနှင့် နည်းပညာလွှဲပြောင်းခြင်း လုပ်ငန်းများဆောင်ရွက်ရန်”၊ “ကျွမ်းကျင်ပညာရှင်များ စဉ်ဆက်မပြတ်ပေါ်ထွန်းလာရေးအတွက် လေ့ကျင့်ပညာပေးခြင်းများဆောင်ရွက်ရန်”၊ “တက္ကသိုလ်များ၊ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် အခြားသော အဖွဲ့အစည်းများအကြား အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်”၊ “ဆန်းသစ် တီထွင်သူများအား ဂုဏ်ပြုချီးမြှင့်ရန်နှင့် အကျိုးခံစားခွင့်များရရှိစေရန်”၊ “ဈေးကွက်စီးပွားရေးကို အားပေးသော သုတေသနဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်” နှင့် “သိပ္ပံနှင့် နည်းပညာဆိုင်ရာပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရေးစီစဉ်ဆောင်ရွက်ရန်” စသည့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေပါ ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ် များချမှတ်နိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း။
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် “သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေ” ကို ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့ပြင် “သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုနည်းဥပဒေ” ကို အမြန်ဆုံးပြဋ္ဌာန်းနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်း (Science, Technology and Innovation - STI) များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် “အမျိုးသားအဆင့်မူဝါဒများ” နှင့် “လုပ်ငန်းမူဘောင်များ” ရေးဆွဲနိုင်ရေးအတွက် ကုလသမဂ္ဂအာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာစီးပွားရေးနှင့် လူမှုရေးကော်မရှင် (United Nations Economic and Social Commission for Asia and the Pacific - UNESCAP) နှင့် ပူးပေါင်းကာဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး Organization for Economic Co-operation and Development (OECD) ၏ မိတ်ဖက်လည်းဖြစ်သည့်အတွက် “United Nation (UN) နှင့် OECD” တို့၏ STI သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန်နှင့် OECD က နှစ်အလိုက် ထုတ်ပြန်ထားသည့် STI Outlook နှင့်လည်း ကိုက်ညီရန် လိုအပ်ပါကြောင်း။
ထို့အပြင် မူဝါဒများရေးဆွဲရာတွင်လည်း နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် “သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အမျိုးသားအဆင့်မူဝါဒများနှင့် ၎င်းမူဝါဒများကို ဖော်ဆောင်မည့် နည်းဗျူဟာများ” ချမှတ်နိုင်ရန် လိုအပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက အဆင့်မြင့်အရာရှိကြီးများကိုယ်တိုင် ပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားလိုပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့်လည်း လက်ရှိဆောင်ရွက်နေသည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြီး နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုဖွံ့ဖြိုးလာစေရန်အတွက် နိုင်ငံ၏လိုအပ်ချက်ပေါ် မူတည်ပြီး ဦးစားပေးအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
သို့မှသာ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အမျိုးသားအဆင့်မူဝါဒများကို ဖော်ဆောင်ရေးဆွဲရာမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သည့်မူဝါဒများ ဖြစ်လာစေရေးသာမက “ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals - SDGs) 2030” နှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ဥပမာအားဖြင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs) အနက် ပန်းတိုင်အမှတ်(၄)ဖြစ်သည့် “အရည် အချင်းပြည့်ဝသော ပညာရေးရရှိရေး”၊ ပန်းတိုင်အမှတ်(၅)ဖြစ်သည့် “ကျား-မ တန်းတူ ညီမျှရှိရေး” နှင့် ပန်းတိုင်အမှတ်(၉)ဖြစ်သည့် “စက်မှုလုပ်ငန်း၊ တီထွင်ဆန်းသစ်မှုနှင့် အခြေခံအဆောက်အအုံမြှင့်တင်ရေး” စသည်တို့နှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ထို့အပြင် ပန်းတိုင်အမှတ်(၁၇)ဖြစ်သည့် “ရည်မှန်းချက်များအားလုံးအတွက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး” ကိုလည်း တိုးမြှင့်ဆောင်ရွက်ခြင်းကို တစ်ပါတည်း စဉ်းစားလုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်က ချမှတ်ထားသည့် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP)” တွင် ပါဝင်သည့် မဏ္ဍိုင်(၂)၊ ပန်းတိုင်(၃)၏ မဟာဗျူဟာ အမှတ် (၇) တွင် ဖော်ပြထားသော ခေတ်မီတိုးတက်သည့် နိုင်ငံဖြစ်လာရေးကို အထောက်အပံ့ဖြစ်စေသည့် ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်မှုကို ပိုမိုတွန်းအားပေးရာရောက်မည် ဖြစ်ပါကြောင်း။
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကော်မတီ(၈)ခု၏ အမည်များနှင့် အဖွဲ့ဝင် အမည်စာရင်းများကို ရရှိပြီးဖြစ်သည့်အတွက် ယခုအစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်ချက် ရယူကာ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်သလို သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည့် ကော်မတီများ ထပ်မံဖွဲ့စည်းနိုင်ရေး ဆွေးနွေးအကြံပြုပေးကြရန် ပြောကြားလိုပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် “လုပ်ငန်းကော်မတီများ” ထပ်မံဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် “ASEAN Plan of Action on Science, Technology and Innovation (2016 - 2025)” ၏ ရည်မှန်းချက်များနှင့် အကောင်အထည်ဖော်မှု အစီအစဉ်များကို အခြေခံ၍ မိမိတို့၏ ကော်မတီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာလအပိုင်းအခြားအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် “Work Plan” များ၊ “Vision and Goals” တို့ကို စနစ်တကျရေးဆွဲဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် ကော်မတီအသီးသီးက ရရှိလာသော “Work Plan” များနှင့် “Vision and Goals” များကို စုစည်းပြီး “National STI Action Plan and Implementation Plan” ရေးဆွဲနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေ၏ ရည်ရွယ်ချက်များ ထိရောက်အောင်မြင်စေရေးအတွက် နိုင်ငံအကျိုးပြုသိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်သွားရမှာဖြစ်သကဲ့သို့ သုတေသနပြုလုပ်ခြင်းမှရရှိလာသည့် ရလဒ်များကို “စက်မှုလုပ်ငန်းများ” နှင့် “ထုတ်လုပ်ရေးလုပ်ငန်းများ” ထံသို့ နည်းပညာများ လွှဲပြောင်းပေးနိုင်ရေးသည်လည်း အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ရှိရင်းစွဲနည်းပညာများ၏ တန်ဖိုးကိုမြှင့်တင်ပြီး စီးပွားရေးဈေးကွက်ရရှိနိုင်သည့် အခြေအနေဖြစ်အောင် ဖန်တီးပေးနိုင်ရန် လိုအပ်ပါကြောင်း။
ယခုလိုဖန်တီးရာတွင်လည်း နည်းပညာများကို “တီထွင်ဖန်တီးသူ” နှင့် “ရင်းနှီးမြှုပ်နှံသူ” များအကြား တန်ဖိုးခွဲဝေရယူနိုင်မှုရှိမှသာ အချင်းချင်းအကျိုးခံစားခွင့်များ ရှိလာပြီး တီထွင်ဖန်တီးသူများလည်း တိုးတက်များပြားလာမှာဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း တိုင်းပြည်၏ စီးပွားရေးကို မြှင့်တင်ရာရောက်မည်ဖြစ်ပါကြောင်း။
နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများ ပိုမိုတိုးတက်များပြားလာစေရန် အခြေခံပညာအဆင့်က စတင်၍အသိပညာပေးနိုင်ရန် စီမံဆောင်ရွက်နေခြင်းသည်လည်း STI ၏ အခြေခံ လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ရှာဖွေတွေ့ရှိထားသည့် နည်းပညာနှင့် တီထွင်မှု (Invention) များကို ကာကွယ်မှုနှင့် တန်ရာတန်ကြေးရရှိစေနိုင်ရန် ဆောင်ရွက်ပေးခြင်းသည်လည်း STI ၏ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ ယခုလို ကာကွယ်မှုများပေးနိုင်ရန်အတွက် “အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ” ကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ “နည်းပညာလွှဲပြောင်းခြင်း” နှင့် “မူပိုင်ခွင့်မျှဝေသုံးစွဲခြင်း” တို့ အသက်ဝင်လာအောင်ဆောင်ရွက်မည့် တီထွင်သူနှင့် သုံးစွဲသူ(လုပ်ငန်းရှင်)အကြား ဆက်သွယ်ပေးမည့် “ကြားခံအဖွဲ့အစည်း” လိုအပ်ပါကြောင်း၊ နိုင်ငံတကာတွင် Technology Transfer Office သို့မဟုတ် Technology Transfer Center များ ထူထောင်ပြီး ဆောင်ရွက်နေသည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းများကို “ဥပဒေအရ တာဝန်ရှိသော တာဝန်ခံဦးစီးဌာန” က ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့မှသာ သုတေသန ပြုလုပ်သူအနေဖြင့် အကာအကွယ်ရရှိပြီး လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်မှုများကို လျင်မြန်တိကျစွာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ တီထွင်ဖန်တီးသည့် မည်သူကိုမဆို ၎င်း၏တီထွင်ဖန်တီးမှုအတွက် ထိုက်တန်သည့် အကျိုးကျေးဇူးများကို ရရှိလာမည်ဖြစ်ပါကြောင်း။
ယခုလို တီထွင်ဖန်တီးမှုဆိုင်ရာ အကျိုးကျေးဇူးများကို ထင်သာမြင်သာဖြစ်အောင် တက္ကသိုလ်များ၊ ကောလိပ်များနှင့် ကျောင်းများတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောပွဲများ ကျင်းပပေးခြင်းအားဖြင့် တီထွင်ကြံဆ ဖန်တီးမည့်သူများ ပိုမိုများပြားလာမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုပြပွဲ၊ ပြိုင်ပွဲများနှင့် ဟောပြောပွဲများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ထို့အပြင် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များကို “နည်းပညာအသစ်များအသုံးချနိုင်ရေး” နှင့် “လိုအပ်သည့်နည်းပညာများကို လွှဲပြောင်းရယူနိုင်ရေး” စသည့် အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများ ဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာပါက နည်းပညာနှင့် တီထွင်ကြံဆမှုများ အားကောင်းလာနိုင်သည့်အတွက် တီထွင်သူများ၏ “နည်းပညာများကိုကာကွယ်ပေးခြင်း” နှင့် “နည်းပညာလွှဲပြောင်းခြင်း” များကို ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ပေးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း။
အားလုံးပါဝင်နိုင်သည့် မြို့ပြနှင့် ကျေးလက် ဟန်ချက်ညီညီစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် “သိပ္ပံနှင့် နည်းပညာကဏ္ဍဖြင့် သယ်ပိုးဆောင်ရွက်နိုင်ရေးလုပ်ငန်းများ” ရေးဆွဲချမှတ် ဆောင်ရွက်ရာတွင် “အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် မွေးမြူခြင်း”၊ “အောင်မြင်သည့် သုတေသနများအား စီးပွားဖြစ်အကောင်အထည်ဖော်ခြင်း”၊ “အခြေခံသုတေသနများမှ အသုံးချသုတေသနများအထိ သုတေသနကွန်ရက်များ ဖော်ဆောင်ခြင်း”၊ “နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း”၊ “တီထွင်ကြံဆမှု၊ ဖန်တီးမှုများ တိုးမြှင့်နိုင်သည့် စနစ်တစ်ခုကို ချမှတ်ခြင်း”တို့ကို ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
နိုင်ငံတကာကဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာ၏ အကူအညီအထောက်အပံ့များကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေများ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်သင့်သည့်အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်သွားရမည်ဖြစ်ပါကြောင်း။
ဒေသအလိုက် ရှိရင်းစွဲ သယံဇာတအရင်းအမြစ်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာအသစ်များ တီထွင်ဖန်တီးနိုင်ရန် လိုအပ်သကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားလာအောင်လည်း အင်တိုက်အားတိုက် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ထို့အပြင် သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းလမ်းညွှန်များ စနစ်တကျရှိစေရေး၊ သုတေသန ရလဒ်များကို စီးပွားဖြစ်အသုံးချနိုင်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများက တောင်းဆိုလာသည့် သုတေသနလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ယနေ့အစည်းအဝေးကို တက်ရောက်လာကြသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်လင်းစွာဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက သုတေသနကျွမ်းကျင်ပညာရှင်များ စဉ်ဆက်မပြတ်ပေါ်ထွန်းရေးအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၃၀ (National Education Strategic Plan 2021-2030) ကို ရေးဆွဲဆောင်ရွက်နေမှုအခြေအနေ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဗဟိုဌာန (Center of Research and Innovation) တည်ထောင်ဖွင့်လှစ်သွားမည့် အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်များတွင် မိမိတို့ဒေသအလိုက် လိုအပ်သည့်နည်းပညာများ တီထွင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်မည့်အခြေအနေ၊ အဆင့်မြင့်ပညာကဏ္ဍတွင်သာမက အခြေခံပညာကဏ္ဍတွင်လည်း ထီထွင်ဖန်တီးမှုဆိုင်ရာ စိတ်ကူးစိတ်သန်းများ ရရှိနိုင်ရန် Application များ၊ Software များကို အသုံးပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ (၁/၂၀၁၉) အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ နည်းဥပဒေများ၊ မူဝါဒများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယနေ့ မျက်မှောက်ခေတ်ကာလသည် အလိုအလျောက်စနစ်များ အသုံးပြု၍ အချက်အလက် (Data) ဖလှယ်နိုင်သည့် ကုန်ထုတ်လုပ်ခြင်းစနစ်ကို ကျင့်သုံးသည့် စတုတ္ထ စက်မှုတော်လှန်ရေး (Fourth Industrial Revolution ခေါ် Industry 4.0) ခေတ်ကာလ ဖြစ်ပါသဖြင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ၎င်းနှင့် သက်ဆိုင်သည့်ကော်မတီများ ဖွဲ့စည်းကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြသည်။
ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သက်ဆိုင်သည့် ကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းနိုင်ရေး၊ သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြသည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက National Research Policy ပေါ်ပေါက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် အစီအမံများနှင့် ဖွဲ့စည်းဆောင်ရွက်မည့် ကော်မတီများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြသည်။
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းတို့က သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက အကြံပြုဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်