နေပြည်တော် ၁၈ ဒီဇင်ဘာ

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကို ယနေ့ နံနက် နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန() ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၀၀ ပြည့်နှစ်၌ ကျင်းပခဲ့သည့် (၅၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာလ (၁၈)ရက်နေ့ကိုနိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများနေ့အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံအလိုက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာ သူများနေ့အခမ်းအနားများကို ယခုနှစ် အပါအဝင် ()ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း။

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအခြေအနေ ပြောင်းလဲလာမှုများနှင့်အတူ နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမတူညီမှု၊ လုပ်အားခနှုန်းများ ကွာခြားမှု၊ ပိုမိုကောင်းမွန်သည့်  အလုပ်အကိုင် အခွင့်အလမ်းရရှိလိုမှု၊ ရာသီဥတုပြောင်းလဲလာမှုနှင့် နည်းပညာများ လျင်မြန်စွာ တိုးတက်လာမှုတို့ကြောင့် ရွှေ့ပြောင်းသွားလာခြင်းနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ လွယ်ကူစွာရရှိလာမှု စသည့် အကြောင်းရင်းများကြောင့် နိုင်ငံတစ်နိုင်ငံမှ အခြားတစ်နိုင်ငံသို့၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်လျက်ရှိပါကြောင်း။

၂၀၁၃ ခုနှစ် စာရင်းအရ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၁၅၀ သန်းခန့်ရှိပြီး ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူ ခန့်မှန်းဦးရေ ၂၇၂ သန်းရှိကြောင်း သိရှိရသည့်အတွက် ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ပိုမိုတိုးမြင့်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့၏ ဆောင်ပုဒ်မှာလူမှုစီးပွားကောင်းစေဖို့၊ ကောင်းစွာစီမံရွှေ့ပြောင်းစို့ (Migration and Social Cohesion)” ဖြစ်ပြီး ရွှေ့ပြောင်းသွားလာခြင်းမှ လူမှုရေးဆိုင်ရာ ပေါင်းစည်းညီညွတ်မှုဖြစ်စေရန်၊ တစ်ဦးတစ်ယောက်ချင်းစီ၏ ပူးပေါင်းဆောင်ရွက်မှုမှ လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးများ ဖြစ်စေရန်၊ အားလုံးကောင်းကျိုးအတွက် အတူတကွလုပ်ဆောင်ရန်၊ ဖယ်ထုတ်ထားခြင်းများ မရှိရန်နှင့် ယုံကြည်မှုများ တိုးမြှင့်ရန် စသည်တို့ကို ရရှိရန် လိုအပ်ပါကြောင်း။

ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခြင်းမှ လူမှုစီးပွားဘဝတိုးတက်စေခြင်း၊ အတွေ့အကြုံ ဗဟုသုတရရှိစေခြင်း၊ သင့်တင့်သည့်ဝင်ငွေရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ မိသားစုလွှဲပို့ငွေမှတစ်ဆင့် နိုင်ငံတော်၏ GDP မြင့်တက်စေခြင်း၊ နိုင်ငံအတွက် ဝင်ငွေခွန်များရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သဖြင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းသည် Social Cohesion အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေပါကြောင်း။

ဘေးကင်းလုံခြုံပြီးစနစ်ကျသည့် တရားဝင်လုပ်သား ရွှေ့ပြောင်းသွားလာခြင်း မြှင့်တင်ရန်၊ ပုံမှန်မဟုတ်သည့် လမ်းကြောင်းများမှ ရွှေ့ပြောင်းသွားလာမှုကို လျှော့ချရန်နှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးဖြစ်စေသည့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှုဖြစ်ရန် စသည်တို့အတွက် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကို စနစ်တကျစီမံခန့်ခွဲခြင်းသည် အလေးထားဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း။

ပုံမှန်မဟုတ်သည့် လမ်းကြောင်းများမှ တရားမဝင် ရွှေ့ပြောင်းသွားလာလုပ်ကိုင်မည်ဆိုလျှင် အန္တရာယ်များသည့် လုပ်ငန်းခွင်အခြေအနေ ကြုံတွေ့ရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း၊ အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ အဓမ္မခိုင်းစေခံရခြင်း၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရှာဖွေရန် အခက်အခဲများရှိခြင်းနှင့် လုပ်ခနည်းပါးခြင်း စသည်တို့ကို ကြုံတွေ့နိုင်ပါကြောင်း။

ရွှေ့ပြောင်းအလုပ်သမားများသည် မူရင်းနိုင်ငံနှင့် လက်ခံနိုင်ငံနှစ်ခုလုံးအတွက် အကျိုးရှိစေသည့်အတွက် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်သူများအနေဖြင့် ဘေးကင်းလုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာနိုင်ရေးသည် အရေးကြီးသကဲ့သို့ ဂုဏ်သိက္ခာရှိစွာ လူမှုကာကွယ် စောင့်ရှောက်မှုများ ရရှိခံစားနိုင်ရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာခြင်းနှင့် စပ်လျဉ်း၍ အကျိုးကျေးဇူးများရရှိစေရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် ကုလသမဂ္ဂအထွေထွေညီလာခံက တရားဝင်အတည်ပြုချမှတ်ခဲ့သည့် ဘေးကင်းလုံခြုံ၍ စနစ်ကျသော တရားဝင်ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက် (Global Compact for Safe, Orderly and Regular Migration) အတည်ပြုချမှတ်ရာတွင် အခြားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များနှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း။

ဘေးကင်းလုံခြုံပြီး စနစ်ကျသည့် တရားဝင်ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်သည် ဥပဒေအရ စည်းနှောင်မှုမရှိဘဲ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုထားသည့် သဘောတူညီမှုတစ်ရပ်ဖြစ်ပြီး အလုပ်သမားစေလွှတ်သည့် နိုင်ငံဖြစ်သော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း။

ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများနှင့် ကလေးများသည် စိန်ခေါ်မှုများစွာ ကြုံတွေ့နေကြရပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရရန် အလားအလာအများဆုံး ရှိသူများဖြစ်ကြသဖြင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် မမေ့မလျော့ အလေးထားဆောင်ရွက်ကြရန် လိုပါကြောင်း။

ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၃၀ ခုနှစ်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်နှင့် ချိတ်ဆက်နေစေရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မူဝါဒများ၏ ထိရောက်မှုနှင့် အောင်မြင်မှုရှိ/မရှိကို ပြန်လည်သုံးသပ်ပြီး ပိုမိုလက်တွေ့ကျသည့် မူဝါဒဖြစ်ရန် ဆက်လက်ပြင်ဆင် ဖြည့်စွက်ခြင်းများ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း။

အရှေ့တောင်အာရှအတွင်းရှိ ရွှေ့ပြောင်းသွားလာသူများ၏ ဘဝများသည် ကြွေးမြီများနှင့် ချည်နှောင်ခံနေကြရပြီး ၎င်းတို့ရှာဖွေရရှိသည့်ငွေကြေးများအား ကြွေးမြီပြန်ဆပ်ရန် အသုံးပြုနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထိုသို့ ကြွေးမြီချည်နှောင်ခံရမှုကြောင့် ဘဝရှေ့ရေးထိခိုက်စေပြီး ရေရှည်တည်တံ့သည့် မိသားစုပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် များစွာသောစိန်ခေါ်မှုများ ဖြစ်ပေါ်စေပြီး ကြွေးမြီချည်နှောင်ခံရခြင်းမရှိပါက ကောင်းမွန်သည့် အသိုက်အဝန်းတစ်ရပ် ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း။

ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများသည် နိုင်ငံ၏ GDP အတွက် အရေးပါသည့် အရင်းအမြစ်များဖြစ်၍ မိသားစုလွှဲပို့ငွေများကို စနစ်တကျစီမံခန့်ခွဲပြီး လုံခြုံစိတ်ချရသည့် လမ်းကြောင်းမှတစ်ဆင့် လျင်မြန်ချောမွေ့စွာ လွှဲပြောင်းပေးပို့နိုင်ရန် လွန်စွာ အရေးကြီးပါကြောင်း။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မကြာသေးမီက ထုတ်ပြန်ခဲ့သည့်အတွက် နောင်လာမည့်ကာလများတွင် မိသားစု လွှဲပို့ငွေများကို ပိုမိုချောမွေ့စွာ လွှဲပို့နိုင်မည်ဖြစ်ပါကြောင်း။

ရွှေ့ပြောင်းအလုပ်သမားများ ကုန်ကျစရိတ်သက်သက်သာသာနှင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နိုင်ရန် အလေးထားဖော်ဆောင်ပေးရမည်ဖြစ်သကဲ့သို့ အလုပ်ရှင်အချို့က ဝန်ဆောင်စရိတ် အခမဲ့ (Zero Cost) ဖြင့် ဆောင်ရွက်ပေးနေခြင်းများ ရှိသကဲ့သို့ အစိုးရအနေဖြင့်လည်း အလုပ်ရှင်များအား နောင်တွင် ဝန်ဆောင်စရိတ်အခမဲ့ဖြင့် တိုးမြှင့်ခေါ်ယူစေရေး တွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာတွင် ဂုဏ်သိက္ခာရှိစွာ အပြည်ပြည်ဆိုင်ရာ လုပ်သားစုဆောင်းသည့်စနစ် ပေါ်ထွက်လာစေရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံအတွင်းမှာ ရှိသည့် လုပ်သားစုဆောင်းပို့ဆောင်ပေးသော ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် လုပ်သားစုဆောင်းရာတွင် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ကောင်းမွန်သည့်စီမံခန့်ခွဲမှု ဖြစ်စေရန်၊ စေလွှတ်ထားသည့် လုပ်သားများ၏ အချက်အလက်များ စနစ်တကျပြုစုထားရှိရန်နှင့် ကောင်းမွန်သည့် အလေ့အထကောင်းများ ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

ရွှေ့ပြောင်းအလုပ်သမားများသည် ကောင်းမွန်သည့် လူမှုအသိုက်အဝန်းဖြစ်စေရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသူများဖြစ်သည့်အတွက် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်း၏ ကောင်းကျိုးများ တိုးမြှင့်ရရှိရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် လူ့ဘောင်တစ်ရပ်လုံး ကောင်းမွန်စွာ ရပ်တည်နေထိုင်နိုင်ရန်  မိမိတို့အားလုံး အတူတကွ ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအားလုံး သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများနှင့်အညီ အကျိုးခံစားခွင့်များ ရရှိခံစားပြီး ကျန်းမာပျော်ရွှင်စွာ တာဝန်ဝတ္တရားများ ထမ်းဆောင်နိုင်စေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးတို့က စီမံဆောင်ရွက်ပေးနိုင်ကြပါစေဟု  ဆန္ဒပြုအပ်ပါကြောင်း ပြောကြားသည်။