မြိတ် ၂၆ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး၌ ရောက်ရှိနေသည့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့တွင် ကော့သောင်းခရိုင်အတွင်း ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ် ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းတို့အား လှည့်လည်ကြည့်ရှုသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ဇာဒက်ကြီးကျေးရွာအုပ်စု ညောင်ဦးဖီးကျွန်းရှိ Victoria Cliff Hotel & Resort မှ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များအား ထိန်းသိမ်းထားရှိမှုအခြေအနေ၊ ခရီးသွားလုပ်ငန်း ဆောင်ရွက်ထားရှိအခြေအနေနှင့် ကမ်းခြေသန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာရာ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ဝင်းက လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဇာဒက်ကြီးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်း၌ အဆိုပါကျေးရွာရှိ ဆလုံတိုင်းရင်းသား လူမျိုးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတက မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများစာရင်းတွင် လူဦးရေအနည်းဆုံးစာရင်း၌ ပါဝင်သည့် ဆလုံတိုင်းရင်းသားများနှင့် ယခုလိုတွေ့ဆုံခွင့် ရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ဆလုံတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ မျိုးနွယ်စုတည်တံ့ခိုင်မြဲရန် ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို မပျောက်ပျက်အောင် စောင့်ရှောက်ကြရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စာပေပညာရပ်များကိုလည်း ကြိုးစားသင်ယူသွားကြရန် မှာကြားပြီး ဆလုံတိုင်းရင်းသား သက်ကြီးရွယ်အိုများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတသည် အဆိုပါကျေးရွာရှိ ဆလုံတိုင်းရင်းသားများ၏ အဏ္ဏဝါပြခန်းသို့ ရောက်ရှိပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ဆလုံရိုးရာနေအိမ်၊ ရိုးရာလှေများနှင့် ပင်လယ်မှရရှိသည့် ခရုခွံအမျိုးမျိုး၊ သန္တာကျောက်အမျိုးမျိုးတို့ကို လှည့်လည်ကြည့်ရှုလေ့လာပြီး ပြခန်း၌ ဆလုံလူမျိုးများ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးစံမှတ်တမ်းဓာတ်ပုံများနှင့် ထူးချွန်စွာ ဆောင်ရွက်ခဲ့သည့် ဆလုံတိုင်းရင်းသား ပုဂ္ဂိုလ်များ၏ မှတ်တမ်းနှင့် ဓာတ်ပုံများပြသနိုင်ရေးကို စီစဉ်ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ရေယာဉ်ဖြင့် သူဌေးကျွန်းသို့ ရောက်ရှိပြီး ငှက်ပျောပင်၊ နွားနို့၊ ကြက်ဥနှင့် သကြားတို့ကို အဓိကအသုံးပြု၍ သဘာဝမြေသြဇာ ထုတ်လုပ်မှုနည်းစနစ်၊ အဆိုပါသဘာဝမြေသြဇာများကို အသုံးပြု၍ ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ ခေတ်မီနည်းပညာများ အသုံးပြု၍ ရေငန်ပုစွန်များ မွေးမြူထားရှိမှု အခြေအနေ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ မပျက်စီးအောင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာရာ Grand Andaman Hotel & Resort ပိုင်ရှင် ဦးကျော်လွင်က လိုက်လံရှင်းလင်း ပြသသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ကော့သောင်းမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိရာ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ကုန်သွယ်ရေးစခန်းဆိုင်ရာ အချက်အလက်များ၊ ပို့ကုန်၊ သွင်းကုန်အခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထူးက ကော့သောင်းကုန်သွယ်ရေးစခန်း စနစ်တကျဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ဒုတိယသမ္မတက ကုန်သွယ်မှုတန်ဖိုးကို လက်ရှိအခြေအနေထက် တိုးတက်အောင် ဆောင်ရွက်သွားရန်နှင့် အထူးသဖြင့် သွင်းကုန်တန်ဖိုးထက် ပို့ကုန်တန်ဖိုး ပိုမိုတိုးမြှင့်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာနိုင်သဖြင့် တရားမဝင်ကုန် ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရန် ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး အထူးအဖွဲ့ဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ တိုးတက်မှု အခြေအနေများကို လစဉ်မပျက်မကွက်တင်ပြရန် မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ဘုရင့်နောင်အငူသို့ သွားရောက်လေ့လာကြည့်ရှုသည်။
ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရေယာဉ်များဖြင့် ဝအလယ်ကျွန်းသို့ရောက်ရှိပြီး Wa Ale Island Resort အခြေအနေနှင့် လန်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်အား လှည့်လည်ကြည့်ရှုရာ Wa Ale Island Resort မှ CEO ဖြစ်သူ Mr. Christopher Kingsley က သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို ထိန်းသိမ်းဆောင်ရွက်သည့် Wa Ale Island Resort အခြေအနေများကို လည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က လန်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ် တည်ထောင်ထားရှိမှု၊ အဏ္ဏဝါအမျိုးသားဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဒုတိယသမ္မတက Wa Ale Island Resort ၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို ထိန်းသိမ်းကာကွယ် ဆောင်ရွက်ထားရှိမှုများသည် စံနမူနာကောင်း များဖြစ်ပါကြောင်း၊ ထိုဆောင်ရွက်ချက်များကို နမူနာယူ၍ အခြား Island Resort များတွင်လည်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တစ်ခုတည်းသော လန်ပိအဏ္ဏဝါအမျိုး သားဥယျာဉ်တွင် အမြဲစိမ်းတော၊ ဒီရေတော၊ သဲသောင်ခုံတောများနှင့် ဂေဟစနစ်များ တည်ရှိနေသဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန်နှင့် နောက်ထပ်အမျိုးသားဥယျာဉ်များ ပေါ်ထွန်း ရေးကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ပလပ်စတစ်စသည့် အမှိုက်သရိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုများ မရှိစေရေးကိုလည်း စနစ်တကျဆောင်ရွက်ကြရန်နှင့် တားမြစ်ငါးဖမ်းနည်းလမ်းများဖြစ်သည့် အဆိပ်ချခြင်း၊ မိုင်းခွဲခြင်း၊ ဘက်ထရီ ရှော့တိုက်ခြင်း၊ ပိုက်ကွက်စိပ်များအသုံးပြုခြင်း၊ Baby Trawl ဖြင့် ငါးဖမ်းနည်းများ မရှိစေရေး ကြပ်မတ်ထိန်းသိမ်းရန် မှာကြားသည်။ ယင်းနောက် ရေယာဉ်များဖြင့် လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ဧရိယာအတွင်းရှိ ကမ်းခြေများ၊ သစ်တောများနှင့် ဂေဟစနစ်များ ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်သည် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်း တည်ရှိပြီး တနင်္သာရီကမ်းရိုးတန်းနှင့် ၁၂ မိုင်ခန့်အကွာတွင် ရှိကြောင်း၊ အကျယ်အဝန်းသည် လန်ပိကျွန်းနှင့် အရံကျွန်းငယ်များအပါအဝင် ၅၀၅၂၈ ဒသမ ၇၃ ဧက ကျယ်ဝန်းပြီး လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ကို ကုန်းပိုင်းနှင့် အဏ္ဏဝါ ပိုင်းဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနှင့် ၎င်းတို့၏ ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရန်၊ လန်ပိကျွန်းစုဒေသရှိ ဒီရေတောဂေဟစနစ်နှင့် ကမ်းခြေရေတိမ်ဒေသ ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရန်၊ ပတ်ဝန်းကျင်မပျက်စီးစေသော နည်းစနစ်ဖြင့် ပြည်သူများ အပန်းဖြေအနားယူနိုင်ရန်နှင့် အဏ္ဏဝါဇီဝဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်များချမှတ်၍ ထိန်းသိမ်းကာကွယ်ထားရှိကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ရေယာဉ်ဖြင့် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စုရှိ (၁၁၅)ကျွန်းသို့ ရောက်ရှိရာ Co Coon Hotel Co., Ltd မန်နေဂျင်းဒါရိုက်တာ ဦးစိုးမိုးအေးက Island 115 Resort စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ရေရှည်တည်တံ့ရေးအတွက် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ရှိ ဝအလယ်ကျွန်းတွင် ဆောင်ရွက်နေမှု အခြေအနေများကို စံနမူနာယူ၍ ဆောင်ရွက်ရန်၊ ကျွန်းပတ်ဝန်းကျင်တွင် ပလပ်စတစ်စသည့်အမှိုက်များ စည်းကမ်းမဲ့စွန့်ပြစ်မှုများ မရှိစေရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဒေသခံပြည်သူများအတွက် သက်မွေးပညာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရေး ဆောင်ရွက်ကြရန်မှာကြားပြီး လုပ်ငန်းပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။
ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် လေကြောင်းခရီးဖြင့် ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)