ပူတာအို၊ ၃၀ ဇန်နဝါရီ
ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် နှင့် ဒေါက်တာရဲမြင့်ဆွေ၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ပြည်နယ်အစိုးရဖွဲ့လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် မချမ်းဘောမြို့ရှိ ဂူဘားရိပ်သာသို့ ရောက်ရှိခဲ့ရာ ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ဂူဘားရိပ်သာ၏ သမိုင်းကြောင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က သမိုင်းဝင်အဆောက်အ အုံဖြစ်သဖြင့် ရေရှည်တည်တံ့စေရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် မချမ်းဘောမြို့နယ်ခန်းမတည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တော်ဝင်မြစ်ကြီးနားဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ပူတာအိုမြို့မှ နောင်မွန်မြို့သို့ ထွက်ခွာပြီး နောင်မွန်မြို့ရှိ ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲ သုတေသနရှေ့တန်းစခန်းရုံးသို့ ရောက်ရှိကြရာ စခန်းတာဝန်ခံ ဦးအောင်မြတ်စိုးက စခန်းဆိုင်ရာ အချက်အလက်များ၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်း၌ ငှက်မျိုးစိတ်များနှင့် တောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားနေမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် နှင်းကျားသစ် များနေထိုင်ကျက်စားမှုရှိ/မရှိကို လေ့လာဆောင်ရွက်နေမှုအခြေအနေများ၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်းတွေ့ရှိရသည့် ဆေးဘက်ဝင်အပင်များနှင့် ၎င်းဒေသရှိ ဇီဝမျိုးစုံ မျိုးကွဲများအား သုတေသနဆောင်ရွက်နေမှုအခြေအနေများတို့ကို ရှင်းလင်းတင်ပြရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တို့က လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ပူတာအို - နောင်မွန်- ပန်နန်းဒင် လမ်းဖောက်လုပ်နေမှုအခြေအနေများနှင့် ပန်နန်းဒင်- ငါဝါကျေးရွာ - ဂဝိုင်ကျေးရွာတို့အား လမ်းဖောက်လုပ်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအနေဖြင့် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအောင်မြင်အောင် ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသားများနှင့်အတူ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ နိုင်ငံ၏ထူးခြားလှပသော ရေခဲတောင်ဂေဟစနစ်နှင့် ရှားပါးပြီးအဖိုးတန်သော သဘာဝသယံဇာတများဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲ တောရိုင်းတိရစ္ဆာန်များနှင့် အပင်များကို ထိန်းသိမ်း စောင့်ရှောက်သွားရန် လမ်းညွှန်မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် နောင်မွန်မြို့ဖွံ့ဖြိုးတိုးတက်နေမှုအခြေအနေများကို မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတ သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ပန်နန်းဒင်မြို့ရှိ ဒေခံပြည်သူများအတွက် ဆန်အိတ် (၂၀၀)အိတ်အား ထောက်ပံ့ပေးအပ်ရာ ပန်နန်းဒင်မြို့ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း နှင့် ဒေသခံများက လက်ခံရယူကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် နောင်မွန်မြို့မှ ပူတာအိုမြို့သို့တပ်မတော် ရဟတ်ယာဉ်များဖြင့်ရောက်ရှိကြပြီး ထိုမှတစ်ဆင့် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)


