ဒုတိယသမ္မတ ဦးမြင့်ဆွေ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြား

နေပြည်တော် ၅  အောက်တိုဘာ

 

ကမ္ဘာ့ဆရာ များနေ့အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၅ရက် နံနက် ၉နာရီ က နေပြည်တော်ရှိ၊ ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊  ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီးများ၊ ထူးချွန် ဆရာ ဆရာမများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ယူနက်စကိုနှင့်ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဆုရ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ  ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ အခြေခံပညာကျောင်းသား၊ ကျောင်းသူများက ``အိုဘယ့်မြတ်ဆရာ´ သီချင်း တေးသရုပ်ဖော်ဖြင့် အခမ်းအနားဖွင့်လှစ်သည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ဆရာများ သည် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာစိတ်ဓာတ် အပြည့်နှင့် ကျောင်းသားကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်းနှင့် ပညာသင်ယူလေ့ ကျင့်မှု ကောင်းများ အစဉ်မြင့်မားနေစေရန် ပခုံးပြောင်း ပြုစုပျိုးထောင် သင်ကြားပေး နေသည့် ဆရာများ၏ ဂုဏ်သိက္ခာ၊ တန်ဖိုး၊ အဆင့်အတန်းနှင့် ကျေးဇူးတို့ကို ပိုမို မြင့်မားနေရန်အတွက် အောက်တိုဘာ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုပြီးနောက် ၁၉၉၄ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားများကို နိုင်ငံအသီးသီးတွင် နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း။

 

၂၀၁၆ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်မှာ ´´ဆရာများကို တန်ဖိုးထားလို့၊ သူတို့အဆင့်အတန်းကို မြှင့်တင်စို့´´ (Valuing Teachers, Improving Their Status) ဖြစ်ပါကြောင်း၊ ဆောင်ပုဒ်၏ အနှစ် သာရကို ကြည့်မည်ဆိုပါက နိုင်ငံတကာတွင်လည်း ဆရာများ၏ တန်ဖိုး၊ ဆရာများ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းများကို ပိုမိုလေးစားတန်ဖိုးထားသည်ကို အထင်အရှား တွေ့မြင်ရမှာဖြစ်ကြောင်း၊ တိုင်းပြည်၏ လိုအပ်ချက်ဖြစ်သည့် ယှဉ်ပြိုင် နိုင်စွမ်းရှိသော နှလုံးရည်၊ လက်ရုံးရည်နှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက် ပေါ်ထွန်းလာစေရန် စွမ်းဆောင်ပေးနိုင်သူများမှာ ဆရာများပင်ဖြစ်ပါကြောင်း။

 

တပည့်များ၏အရည်အသွေးသည် ဆရာများအပေါ်များစွာ တည်မှီလျက်ရှိသည့် အတွက် ဆရာများ၏ အရည်အသွေးမြင့်မားရေးသည်လည်း အရေးကြီးလှ ပါကြောင်း၊ ဆရာများအတွက် မွမ်းမံသင်တန်းများ၊ ဆင့်ပွားသင်တန်းများဖွင့်လှစ် ပို့ချပေးခြင်း၊ ပြည်ပနိုင်ငံများသို့ ပညာသင်စေလွှတ်ခြင်း၊ လေ့လာရေးစေလွှတ်ခြင်း၊ သုတေသန လုပ်ငန်းများဆောင်ရွက်စေခြင်း စသည့် ဆရာ ဆရာမများ၏ အရည်အသွေးထိန်းသိမ်း မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေး ဆောင်ရွက် လျက်ရှိပါကြောင်း။

 

ယနေ့ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အခါသမယတွင် တာဝန်ကျရာ ရပ်ရွာ ဒေသအလိုက် ပညာရေးလုပ်ငန်းတာဝန်များကို အရည်အချင်းပြည့်မီစွာဖြင့် စွမ်းစွမ်း တမံကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဆရာ ဆရာမများ၊ ဆောင်ရွက် လျက်ရှိကြသည့် ဆရာ ဆရာမများနှင့် လိုအပ်ချက်အရ ဖြည့်ဆည်းခန့်ထားရန်ရှိသည့် ဆရာ ဆရာမများအားလုံးကို အထူးပင်တန်ဖိုးထားပါကြောင်းနှင့် ကျေးဇူးတင်ဂုဏ်ပြု ပါကြောင်း၊ ဆရာ ဆရာမများ၏ အဆင့်အတန်းမြင့်မားရေးအတွက် ထိန်းသိမ်း မြှင့်တင် ဆောင်ရွက်ပေးသွားနိုင်ရန် စီစဉ်ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များ ကပေးပို့သည့် စုပေါင်းသဝဏ်လွှာကို မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင်ကဖတ်ကြားခြင်းနှင့် ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန်ဆရာ၊ဆရာမများ၏ ဆောင်ရွက်မှု မှတ်တမ်း အကျဉ်းချုပ်ကို ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက တင်ပြသည်။

 

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားဆက်လက်ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်စုစုလွင်တို့က  ၂၀၁၆ခုနှစ်၊ ကမ္ဘာ့ ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများအား ဂုဏ်ပြုဆုချီးမြှင့် သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းနှင့် တာဝန်ရှိသူများက  ထူးချွန်ဆရာဆရာမများ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြု ဆုချီးမြှင့်သည်။

 

ဆက်လက်၍ အခြေခံပညာမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက ပန်းပျိုးလက် သီချင်း တေးသရုပ်ဖော်ဖြင့် ဂုဏ်ပြုတင်ဆက်ပြီး အခမ်းအနားပြီးမြောက်ကြောင်း ကြေညာကာ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြပြီး ပြခန်းများကို လှည့်လည်ကြည့် ရှုကြသည်။

 

mdn

 

mdn