နေပြည်တော် ၂၀  ဒီဇင်ဘာ

 

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

 

ဒုတိယသမ္မတ၏ အမှာစကားအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ်များနှင့် တိုးချဲ့ဆောင်ရွက်ရန်ရှိသည့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် “လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ” ကို ဒုတိယသမ္မတ ဦးဆောင်၍ (၁၂)ဦးဖြင့် လုပ်ငန်းတာဝန် (၁၁)ရပ်ချမှတ်ကာ ဖွဲ့စည်းခဲ့ပါကြောင်း။

 

လုပ်ငန်းတာဝန်များကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “လုပ်ငန်းကော်မတီ”၊ “နည်းပညာအထောက်အကူပြုကော်မတီ” နှင့် “စောင့်ကြည့်ကြီးကြပ်ခြင်း နှင့် အကဲဖြတ်ဆန်းစစ်ခြင်းကော်မတီ” တို့ကို ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် လုပ်ငန်းအမျိုးအစားအလိုက် လိုအပ်သည့် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းသွားနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါကြောင်း။

 

“လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ” ၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇွန် ၁၅ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ် အစည်း အဝေးကို ၂၀၁၉ ခုနှစ်၊ မတ် ၁ ရက်တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း (၂၄)ချက်တွင် ဆောင်ရွက်ပြီး (၉)ချက်နှင့် ဆောင်ရွက်ဆဲ (၁၅)ချက် ရှိသည်ကို တွေ့ရပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် ပြည်သူလူထုအတွက် အကျိုးရှိသည့် လုပ်ငန်းများဖြစ်သည့်အတွက် ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်း အချိန်ကာလသတ်မှတ်ကာ အမြန်ပြီးစီးရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် “မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်” နှင့် “မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်မှုကဏ္ဍစီမံကိန်း ကာလလတ် (၂၀၁၈-၂၀၂၃)” တို့ကို ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က စတင်ခဲ့သည့် “လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ” တွင် အထူးသဖြင့် “လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာငွေကြေးအထောက်အပံ့ ပေးရေးအစီအစဉ်” များသည် “အကျိုးခံစားခွင့်ရှိသူအရေအတွက်” နှင့် “အကောင်အထည်ဖော်သည့် နေရာဒေသ” နှစ်ခုစလုံး မြန်မြန်ဆန်ဆန်ကြီးမားကျယ်ပြန့်လာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် “အထောက်အပံ့ပြုရသည့်ငွေကြေးပမာဏ” သည်လည်း များပြားလာသည်ကို တွေ့ရပြီး လာမည့် နှစ်အနည်းငယ်အတွင်းတွင်လည်း ယခုထက်ကြီးမားကျယ်ပြန့်လာမည်ဖြစ်ပါကြောင်း။

 

ထို့ကြောင့် “လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် စီမံခန့်ခွဲမှုအပိုင်း”၊ “စောင့်ကြည့် ကြီးကြပ်ခြင်းနှင့် အကဲဖြတ်ဆန်းစစ်ခြင်းအပိုင်း” နှင့် “တိုင်ကြားမှုများအား လက်ခံဖြေရှင်း ဆောင်ရွက်ခြင်းအပိုင်း” များတွင် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာကို အသုံးပြုထားသည့်စနစ်တစ်ရပ် ထူထောင်အသုံးပြုသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “ရေရှည်ရန်ပုံငွေရရှိရေး” သည် အရေးကြီးသည့်အချက်ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးသည့် အစီအစဉ်များ၏ ရန်ပုံငွေအရင်းအမြစ်များကိုကြည့်ပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကစပြီး အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် သက်ကြီးရွယ်အိုများအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကြေးအထောက်အပံ့ပေးသည့် “လူမှုရေးပင်စင်အစီအစဉ်”၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် အကောင်အထည်ဖော်နေသည့် “ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (Maternal and Child Cash Transfer Program - MCCT)” နှင့် “လူမှုအားမာန် (Integrated Self-help Group - ISHG)” အစီအစဉ် တို့ကို နိုင်ငံတော်၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်ပါကြောင်း။

 

ချင်းပြည်နယ်တွင် အကောင်အထည်ဖော်သည့် MCCT အစီအစဉ်သည် ကနဦး (၂)နှစ် နှင့် (၄)လအတွက် “အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (Livelihood and Food Security Trust Fund - LIFT)” ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လက်ရှိဘဏ္ဍာရေးနှစ်ကစပြီး “ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး” တို့တွင် အကောင်အထည်ဖော်မည့် MCCT အစီအစဉ်သည် “နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသည့်ချေးငွေ” တို့ ပေါင်းစပ်ထားသည့် Co-financing နည်းလမ်းဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း။

 

 လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထောက်ပံ့ငွေများ၊ ချေးငွေများဖြင့် ပေါင်းစပ်အကောင်အထည်ဖော်ခြင်းသည် နည်းလမ်း တစ်ခုဖြစ်သော်လည်း ရေရှည်တွင် နိုင်ငံတော်ရန်ပုံငွေဖြင့်သာ အကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

 

 “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန” ၏ ဘတ်ဂျက် ရရှိမှုပမာဏသည် နည်းပါးသဖြင့် နှစ်စဉ်တိုးချဲ့သွားမည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်ရန် ရန်ပုံငွေအခက်အခဲရှိနိုင်သည့်အတွက် ဘတ်ဂျက် လျာထားချက်တွင် ထည့်သွင်းစဉ်းစားစီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် “စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန” နှင့် “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန” တို့အကြား လိုအပ်သည်များ ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားကြရန် ပြောကြားလိုပါကြောင်း။

 

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် သာမာန်အားဖြင့်ကြည့်ပါက ငွေကြေး အကုန်အကျများသည်ဟု ထင်ရသော်လည်း နိုင်ငံသူ၊ နိုင်ငံသားများ၏ “လူမှုစီးပွားထိခိုက် လွယ်မှုအခြေအနေများကို လျှော့ချပေးရန်”၊ “လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်” နှင့် “အခြေခံဝင်ငွေအထောက်အပံ့ဖြစ်စေရန်” အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းများကို နိုင်ငံတကာတွင်လည်း လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်နေကြပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ရေရှည်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ကြိုတင်စီမံဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

 

ထို့ပြင် ယခုဘဏ္ဍာရေးနှစ်ကစပြီး လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအတွက်  ငွေကြေးအထောက်အပံ့ပေးသည့် အစီအစဉ်များကို နည်းပညာအသုံးပြုပြီး ဆောင်ရွက်သွားမည်ဟု သိရှိရသည့်အတွက် အဆိုပါနည်းပညာအသုံးပြုပြီး ငွေကြေးထောက်ပံ့သည့်အခါတွင် စာရင်းအစစ်ဆေးခံနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် နိုင်ငံတော်၏ အဓိကမဟာဗျူဟာမြောက် အစီအစဉ်ဖြစ်သည့် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan - MSDP)” တွင် ပါဝင်သည့် မဟာဗျူဟာမြောက် လုပ်ငန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး ပြည်သူလူထုထံကို တိုက်ရိုက် အကျိုးဖြစ်စေသော လုပ်ငန်းဖြစ်သည့်အတွက် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ရန်ပုံငွေရရှိရေးကိစ္စများတွင် “ဝန်ကြီးဌာနများအချင်းချင်းအကြား”၊ “ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား” ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းနှင့် ယနေ့အစည်းအဝေးကို တက်ရောက်လာသည့် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားသည်။