မြိတ် ၂၄ ဇန်နဝါရီ
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မွေးမြူရေးလုပ်ငန်းများ၊ သင်္ဘောကျင်းလုပ်ငန်း၊ သစ်အချောထည်လုပ်ငန်း၊ ငါး၊ပုစွန် အအေးခန်းစက်ရုံ၊ ရာဘာစက်ရုံနှင့် သမုတ်-လွတ်လွတ်တံတား တည်ဆောက်ရေး စီမံကိန်းတို့အား လှည့်လည်ကြည့်ရှုသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ရောက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အဖွဲ့ဝင်များနှင့်အတူ ရေနန်းသူဇာ ရေယာဉ်ဖြင့် ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာသို့သွားရောက်ပြီး ပြည့်ဖြိုးထွန်းအင်တာ နေရှင်နယ်ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသည့် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း များကို လှည့်လည်ကြည့်ရှုရာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် က ခေတ်မီနည်းစနစ်များအသုံးပြု၍ ရေငန်ပုစွန်များမွေးမြူထားရှိမှု၊ အထွက်နှုန်း၊ ဈေး ကွက်အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းပြီး ယခုလုပ်ငန်း သည် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့ပြေးလုပ်ငန်း( Pilot Project) တစ်ခုဖြစ်သောကြောင့် အောင်မြင်အောင်ဆောင်ရွက်ရန် ကြိုးပမ်းကြစေလိုပါကြောင်း၊ အောင်မြင်ပြီး တိုးချဲ့နိုင်သည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ များစွာပေါ်ထွန်း လာမည်ဖြစ်ပါကြောင်း၊ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်နှင့် ဇီဝလုံခြုံရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ရေငန်ပုစွန်များ စနစ်တကျ မွေးမြူထားရှိမှုနှင့် မွေးမြူထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ပထက်ကျွန်းရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသည့် သင်္ဘောကျင်းလုပ် ငန်း၊ ကဏန်းပျော့မွေးမြူရေးလုပ်ငန်း၊ သစ်အချောထည်လုပ်ငန်းနှင့် ငါးပုစွန်အအေး ခန်းစက်ရုံတို့ကို လှည့်လည်ကြည့်ရှုရာ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ကဏန်းပျော့မွေးမြူရေးလုပ်ငန်း အခြေအနေများကို လည်းကောင်း၊ ကုမ္ပဏီမန်နေဂျာ ဦးသန့်စင်က သင်္ဘောကျင်းလုပ်ငန်း အခြေအနေများကို လည်းကောင်း၊ ကုမ္ပဏီဒါရိုက် တာ ဒေါ်မြတ်သီရိခိုင်က သစ်အချောထည်လုပ်ငန်း အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဒုတိယသမ္မတက ပထက်ကျွန်းရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီလီမိ တက်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိအောင် အလေးထားဆောင်ရွက်ရန်နှင့် ကုမ္ပဏီ၏လုပ်ငန်း လုပ်ဆောင် မှုများမှတစ်ဆင့် ဒေသခံကျေးရွာများ၏ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အကြိုးပြုခြင်း၊ တာဝန်ခံခြင်းနှင့် အပြုသဘောဆောင်သောရလဒ်များ ဖြစ်ပေါ် လာရေးတို့ကို ကူညီဆောင်ရွက်ပေးရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မြိတ်မြို့နယ် ပင်းအိုကျေးရွာ အုပ်စု ငါးအင်းကျေးရွာရှိ ခရမ့်ရာဘာစက်ရုံသို့ရောက်ရှိပြီး စက်ရုံအတွင်းရှိ ရှင်းလင်းဆောင်တွင် ဖိုးလမင်းရာဘာစက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးဖိုးစိန်က စက်ရုံဆိုင်ရာအချက်အလက်များ၊ ရာဘာထုတ်လုပ်နိုင်မှု၊ ဈေးကွက်အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတက ရှင်းလင်းချက်များအပေါ် ခရမ့်ရာဘာစက်ရုံမှ ထုတ်လုပ်သော ထုတ်ကုန်များသည် အရည်အသွေးပြည့်မီပြီး နိုင်ငံတကာဈေးကွက် အထိ ထိုးဖောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် သမုတ်-လွတ်လွတ် တံတားတည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးသိန်းမြင့်မွန်က တိုင်းဒေသကြီးအတွင်း တံတားစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်းက သမုတ်-လွတ်လွတ်တံတားစီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းပြီးစီးမှု၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ဒုတိယသမ္မတက သမုတ်-လွတ်လွတ်တံတား တည်ဆောက်ရေးစီမံကိန်းလုပ် ငန်းများ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ အရည်အသွေးစီမံခန့်ခွဲမှုစနစ် (၅)ချက်အတိုင်း အပြည့်အဝလိုက်နာ ဆောင်ရွက်ရန်နှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် စံချိန်စံ ညွှန်းများနှင့်အညီ ဆောင်ရွက်ရေးမှာကြားသည်။
(သတင်းစဉ်)