နေပြည်တော် ၃၀ ဇန်နဝါရီ
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူနှင့် ဦးဆက်အောင်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ကျင်းပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးသည် “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများ လျော့နည်းကင်းစင်စေရန်” အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့ ဆောင်ရွက်ရမည့်နယ်ပယ်များကို သေချာစွာ သိရှိနားလည်ပြီး ထိရောက်အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဦးဆောင်ကော်မတီ၏ ပထမအကြိမ်ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော် Park Royal Hotel ၌ ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering - APG) သို့ ၂၀ဝ၆ ခုနှစ် မတ်လ ၉ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရ အဆက်ဆက်အနေဖြင့် “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများ” အား ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ ဆောင်ရွက်မှုများကို အရှိန်အဟုန်တိုးမြှင့်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတို့ကို ငွေကြေးထောက်ပံ့မှုများနှင့် စပ်လျဉ်း၍ ထိရောက်လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ” ကို လုပ်ငန်းတာဝန် (၉)ရပ်ချမှတ်ကာ ဒုတိယသမ္မတ ဦးဆောင်၍ (၉)ဦးဖြင့်လည်းကောင်း၊ “လုပ်ငန်းကော်မတီ” ကို လုပ်ငန်းတာဝန် (၉)ရပ်ချမှတ်ကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင် ဦးဆောင်၍ (၁၀)ဦးဖြင့်လည်းကောင်း ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
“ဦးဆောင်ကော်မတီ” ၏ လုပ်ငန်းတာဝန် (၉)ရပ်မှာ “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒနှင့် လမ်းညွှန်ချက်များ ချမှတ်ရန်”၊ “ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီတို့၏ ဆောင်ရွက်ချက်များအပေါ် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် လမ်းညွှန်ချက်များ ထုတ်ပြန်ရန်”၊ “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်သော သတင်းပို့အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအာဏာပိုင်များ၊ တရားစွဲအဖွဲ့အစည်းများ၊ အခြားပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများနှင့် ကော်မတီများအကြား မူဝါဒဆိုင်ရာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကို မြှင့်တင်ရန်”၊ “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သတင်းပို့အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအာဏာပိုင်များ၊ တရားစွဲအဖွဲ့အစည်းများ၊ အခြားပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများနှင့် ကော်မတီများအား လိုအပ်သောမူဝါဒဆိုင်ရာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အထောက်အပံ့များပံ့ပိုးပေးရန်”၊ “အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၏ သဘောတူညီချက်၊ စာချုပ်များပါ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ လိုအပ်သော လမ်းညွှန်မှုများ ချမှတ်ရန်”၊ “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်မှုအပေါ် လိုအပ်သော လမ်းညွှန်ချက်များ ထုတ်ပြန်ရန်”၊ “ပြည်တွင်း၊ ပြည်ပ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရေးအတွက် လိုအပ်သော လမ်းညွှန်ချက်များ ထုတ်ပြန်ရန်”၊ “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ပါက အထောက်အကူပြုကော်မတီများ ဖွဲ့စည်းရန်” နှင့် “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာဆောင်ရွက်ရာတွင် လိုအပ်သော လမ်းညွှန်ချက်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ရန်” တို့ ဖြစ်ပါကြောင်း။
“ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ” အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် “လေ့လာဆန်းစစ်ရေးနှင့် စိစစ်ရေးအဖွဲ့” ကို အဖွဲ့ဝင် (၅)ဦးဖြင့်လည်းကောင်း၊ “စောင့်ကြည့်ရေးနှင့် စစ်ဆေးရေးအဖွဲ့” ကို အဖွဲ့ဝင် (၆)ဦးဖြင့်လည်းကောင်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်သည့်အပြင် “ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် သက်ဆိုင်သောပြစ်မှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အထောက်အကူပြုလမ်းညွှန်ချက်များ” ကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများသည် နိုင်ငံတော်ကချမှတ်ထားသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သည့်အတွက် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
မကြာသေးခင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် အာရှ-ပစိဖိတ် ပူးတွဲလုပ်ငန်းအဖွဲ့ (Asia Pacific Joint Group - APJG) မျက်နှာချင်းဆိုင်အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အဖွဲ့နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့တို့ တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါ အစည်းအဝေးရလဒ်အရ မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည့် အချက်(၁၄)ချက်ကို တွေ့ရှိရပါကြောင်း။
အဆိုပါအချက် (၁၄)ချက်ကို သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများအနေဖြင့် အမြန်ပြီးပြတ်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အချိန်ကာလသတ်မှတ်ကာ စီမံချက်များ ရေးဆွဲဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ထို့ပြင် လုပ်ငန်းကော်မတီနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများကိုလည်း “ဦးဆောင်ကော်မတီ” သို့ လစဉ်တင်ပြသွားရန်နှင့် လိုအပ်ပါက ဦးဆောင်ကော်မတီ အစည်းအဝေးကို (၃)လ (၁)ကြိမ် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ထို့ပြင် “အမျိုးသားအဆင့် ဆုံးရှုံးမှုအန္တရာယ် အကဲဖြတ်ရေးလုပ်ငန်းစဉ် (National Risk Assessment - NRA)” ရလဒ်အရ မြန်မာနိုင်ငံအတွင်း၌ “ငွေကြေးခဝါချမှု၊ ခြိမ်းခြောက်မှုများကို မြင်သာထင်ရှားရှိနေကြောင်း တွေ့ရှိခဲ့ရပြီး မူးယစ်ဆေးဝါးမှုခင်းများ အပါအဝင် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ သစ်နှင့် ကျောက်မျက် ရတနာများ တရားမဝင်ရောင်းဝယ်မှု၊ အခွန်တိမ်းရှောင်မှုများ” ကို ရှာဖွေဖော်ထုတ်ပြီး လျော့နည်းကျဆင်းအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် အဆိုပါမှုခင်းများ လျော့နည်းကျဆင်းအောင် တားမြစ်ပိတ်ဆို့ တိုက်ဖျက်သွားရမည်ဖြစ်ပါကြောင်း၊ အလားတူ “သတင်းပို့အဖွဲ့အစည်းများ” အနေဖြင့်လည်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering / Countering the Financing of Terrorism - AML/CFT) ဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “အကောင်အထည်ဖော်ဆောင်ရွက်ရေးအရာရှိများ” သတ်မှတ်ခန့်အပ်ပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ “ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့” အနေဖြင့် သက်ဆိုင်ရာသတင်းပို့အဖွဲ့အစည်းများ၊ တရားဥပဒေစိုးမိုးရေ းအဖွဲ့အစည်းများ အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering / Countering the Financing of Terrorism - AML/CFT) မူဘောင်” ကို ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် သက်ဆိုင်ရာကော်မတီနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် “နိုင်ငံတကာ စံနှုန်းများနဲ့အညီ ရေးဆွဲပြဋ္ဌာန်းထားသည့် ဥပဒေများ” ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် “နိုင်ငံတကာ အဖွဲ့အစည်းများမှ ချမှတ်ထားသည့်စံနှုန်းများ” နှင့် “အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်ရေးအစီရင်ခံစာပါ အကြံပြုချက်များ” ကို အပြည့်အဝ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၉-၂၀၂၃)” ကိုလည်း ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ “အမျိုးသားအဆင့်ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း အန္တရာယ်အကဲဖြတ်ချက်အစီရင်ခံစာ” နှင့် “အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်ရေးအစီရင်ခံစာ” ပါ အကြံပြုချက်များနှင့်အညီ ပြင်ဆင်ရေးဆွဲထားသည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအသစ်ကို ရေးဆွဲလျက်ရှိပြီး မကြာမီ ထုတ်ပြန်နိုင်မည် ဖြစ်ပါကြောင်း။
ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို သေချာစွာသိရှိနားလည်ပြီး ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် “အာရှ-ပစိဖိတ် ပူးတွဲလုပ်ငန်းအဖွဲ့ (APJG) အစည်းအဝေးရလဒ်အရ မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချက် (၁၄)ချက်” တို့အပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထို့နောက် “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ” အတွင်းရေးမှူး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က အာရှ-ပစိဖိတ် ပူးတွဲလုပ်ငန်းအဖွဲ့ (Asia Pacific Joint Group - APJG) မျက်နှာချင်းဆိုင် အစည်းအဝေးရလဒ်အရ မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည့်အချက် (၁၄)ချက်နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နိုင်ငံဘဏ္ဍာသိမ်းဆည်းပြီးသည့် အချိန်အထိ သိမ်းဆည်းထားသော ပစ္စည်းများ၏ တန်ဖိုးကို ထိန်းသိမ်းထားနိုင်ရေးအတွက် သိမ်းဆည်းပစ္စည်းများအား စီမံခန့်ခွဲမှုဆိုင်ရာ အခြေအနေများ၊ တရားမဝင် ငွေကြေးလွှဲပြောင်းမှုနှင့် တရားမဝင်ငွေကြေးစီးဆင်းမှုဆိုင်ရာ အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ဘဏ်များနှင့် ဘဏ်နှင့်သက်ဆိုင်သည့် လုပ်ငန်းများအပေါ် ကြီးကြပ်ဆောင်ရွက်နေမှု အခြေအနေများ၊ ဟွန်ဒီလုပ်ငန်းများနှင့် ဆက်စပ်သည့် စည်းမျဉ်းများအား အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဒေါ်တင်နွယ်စိုး၊ ဦးချမ်းအေးနှင့် ဦးမောင်မောင်ကျော်တို့က အာရှ-ပစိဖိတ် ပူးတွဲလုပ်ငန်းအဖွဲ့ (APJG) အစည်းအဝေး ရလဒ်အရ မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက် (၁၄)ချက်အပေါ် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် လိုအပ်သည့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်