မြိတ် ၂၅  ဇန်နဝါရီ 


နဝမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ၏ ထုတ်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲ (တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ Myeik Public Corporation Ltd; ခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်မှ ဒုတိယ ခရိုင်ဝန် မစ္စတာ ဖိရုမ်နစ်ထရာနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အသင်းအဖွဲ့များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ အလှူရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် MSMEs လုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲများကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကျင်းပခဲ့ရာ  ပထမအကြိမ်ကို မန္တလေးမြို့၌ လည်းကောင်း၊ ဒုတိယအကြိမ်ကို မကွေးမြို့၌ လည်းကောင်း၊ တတိယအကြိမ်ကို ပုသိမ်မြို့၌ လည်းကောင်း၊ စတုတ္ထအကြိမ်ကို တောင်ကြီးမြို့၌ လည်းကောင်း၊ ပဉ္စမအကြိမ်ကို မုံရွာမြို့၌ လည်းကောင်း၊ ဆဋ္ဌမအကြိမ်ကို ပဲခူးမြို့၌ လည်းကောင်း၊ သတ္တမအကြိမ်ကို ရန်ကုန်မြို့၌ လည်းကောင်း၊ အဋ္ဌမအကြိမ်ကို မော်လမြိုင်မြို့၌ လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျင်းပသည့် MSMEs ထုတ်ကုန်ပစ္စည်း ပြပွဲပြိုင်ပွဲသည် နဝမအကြိမ် မြောက်ဖြစ်ပါကြောင်း၊ နောက်ဆုံးအဆင့်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးပါဝင်နိုင်မည့် နိုင်ငံတော်အဆင့် ထုတ်ကုန်ပစ္စည်းပြပွဲ၊ ပြိုင်ပွဲကြီးကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  National Award ဆုများ ချီးမြှင့်သွား မည်ဖြစ်ပါကြောင်း။


ယနေ့ကျင်းပသည့် နဝမအကြိမ်မြောက် MSMEs ထုတ်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲ၏ ထူးခြားမှုတစ်ခုသည် မြန်မာနိုင်ငံတွင်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လုပ်ငန်းရှင်များသာမက ထိုင်းနိုင်ငံမှ MSMEs လုပ်ငန်းရှင်များပါ လာရောက်ပြသကြသည်ကို တွေ့ရှိကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ MSMEs လုပ်ငန်းအချင်းချင်း ထုတ်ကုန်အရည်အသွေးများနှင့် တီထွင်ဖန်တီးမှုများကို အပြန်အလှန် လေ့လာနိုင်ခြင်း၊ တစ်ဦးလိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းနိုင်ခြင်း၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း။


ယနေ့ပြပွဲ၊ ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ MSMEs  များအပြင် ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှ MSMEs များပါ လာရောက် ပြသသည်ကိုတွေ့ရှိရပါကြောင်း၊ ထိုသို့ လာရောက်ပြသခြင်းကြောင့် အကျိုးကျေးဇူးများစွာ ရရှိလာသည်ကို MSMEs လုပ်ငန်းရှင်များ ပိုမိုနားလည်လာကြသည်မှာ အထင်အရှားဖြစ်ပါကြောင်း၊ ယခုလို ကျင်းပသည့် နေရာတွင် လူမျိုးပေါင်းစုံ အလွှာအသီးသီး လာရောက်ကြည့်ရှု အားပေးမှုရရှိခြင်း၊ စားသုံးသူများ၏အသံနှင့် အကြံပြုချက်များကို နားထောင်နိုင်ပြီး အချိန်မီပြုပြင်နိုင်ခြင်း၊ ကြော်ငြာနိုင်ခြင်း၊ ဈေးကွက်ချဲ့ထွင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်ကို MSMEs လုပ်ငန်းရှင်များ လက်တွေ့သိရှိနေကြပြီ ဖြစ်ပါကြောင်း။

 

mdn


အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ နောက်ထပ်အစီအစဉ်တစ်ခုသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြပွဲပြိုင်ပွဲများ၌ ဆုရရှိခဲ့သည့် လုပ်ငန်းရှင်များ၏ ထုတ်ကုန်များတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ အသိအမှတ်ပြု အမှတ်တံဆိပ် (MSME Logo) ကို အသုံးပြုခွင့် ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အဆိုပါ MSME Logo ပြိုင်ပွဲကျင်းပပြီး အကောင်းဆုံး Logo ကို ရွေးချယ် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊  MSME Logo ကို အသုံးပြုခွင့် ပေးလိုက်ခြင်းဖြင့် ဆုရရှိသည့် MSMEs Products များအပေါ် စားသုံးသူများနှင့် သုံးစွဲသူများ၏ ယုံကြည်မှုပိုမိုရရှိပြီး ဈေးကွက်ချဲ့ထွင်နိုင်ရေးကို အထောက်အကူ ပြုစေရန်ပင် ဖြစ်ပါကြောင်း။


ယခုလို ဒေသတွင်းထုတ်ကုန်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲများကို မြန်မာပြည်အနှံ့ လှည့်လည်ကျင်းပသည့်အတွက် မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးမှာရှိသည့် MSMEs များ၏ ထုတ်ကုန်များ အရည်အသွေး မြင့်မားလာပြီး သွင်းကုန် အစားထိုးထုတ်ကုန်များ ယခင်ထက် ပိုမိုများပြားလာခြင်း၊ ဒေသအသီးသီးတွင်ရှိသည့် ထုတ်ကုန်ကဏ္ဍများနှင့် ရောင်းဝယ်မှုကဏ္ဍများ အချင်းချင်းချိတ်ဆက်မှု ဖြစ်လာခြင်း၊ မိရိုးဖလာစီးပွားရေးလုပ်ငန်းမှ ဆန်းသစ်တီထွင် စွန့်စားဖန်တီးမှုများဖြင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသောကမ္ဘာ့အဆင့်မီ ထုတ်ကုန်များနှင့် လုပ်ငန်းဝန်ဆောင်မှုအသွင်သို့ ပြောင်းလဲလာခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့် ကြိုက်နှစ်သက်မှုကို ပိုမိုနားလည်ပြီး ဈေးကွက်ချဲ့ထွင်ကာ ကမ္ဘာ့အဆင့် တန်ဖိုးမြှင့် ထုတ်လုပ်မှုကွင်းဆက် (Global Value Chain) အတွင်း ပူးပေါင်း ဆောင်ရွက်လာနိုင်ခြင်း စသည့် အကျိုးဆက်များ ရရှိလာမည်ဖြစ်ပါကြောင်း။


တနင်္သာရီတိုင်းဒေသကြီးသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁ ဒသမ ၄ သန်းကျော် နေထိုင်ပြီး ဧရိယာအားဖြင့် ၄၃,၃၂၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါကြောင်း၊ မြောက်ဘက်တွင် မွန်ပြည်နယ်၊ အရှေ့ဘက်နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံနှင့် အနောက်ဘက်တွင် ကပ္ပလီပင်လယ်တို့နှင့် နယ်နိမိတ်ထိစပ်နေပြီး စီးပွားရေးအရလည်း ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများစွာ ရှိသည့် ဒေသဖြစ်ပါကြောင်း၊ မြိတ်ကျွန်းစုများတွင် အဖြူရောင်နှင့် ရွှေအိုရောင် သဘာဝပုလဲနှင့် မွေးပုလဲလုပ်ငန်းများ၊ ဝဥ၊ ကမ်းဇော်ဆီ၊ ရာဘာပင်နှင့် ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်းများ၊ ငှက်သိုက်မွေးမြူရေး လုပ်ငန်းများ၊ ရေလုပ်ငန်းနှင့် ငါးပိ၊ ငါးခြောက် လုပ်ငန်းများ ပေါများလှပါကြောင်း၊ ထို့ပြင် မောင်းမကန် ပင်လယ်ကမ်းခြေ၊ ထားဝယ်ရှင် ကိုးရှင်ဘုရားများ၊ တနင်္သာရီတောင်တန်း၊ ပင်လယ်နှင့် ကျွန်းစုများ စသည့် သဘာဝ အလှတရားများပေါင်းစည်းနေသည့်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်နိုင်ပြီးတွင်ကျယ်လာသည့် ခရီးသွားလုပ်ငန်းများသည် တိုင်းဒေသကြီး၏ စီးပွားရေးကို များစွာတိုးတက်စေမည်ဖြစ်ပါကြောင်း။ 


တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည့် စီမံကိန်းဖြစ် ပါကြောင်း၊ ကနဦးစီမံကိန်းကာလသည် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် နှစ်လမ်းသွားကားလမ်း၊ မြို့ပြအိမ်ရာနှင့် ဆိပ်ခံတံတား တည်ဆောက်ရေး စသည့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ပါဝင်သောကြောင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်ပါကြောင်း၊ ပေါများလာမည့် လုပ်ငန်းခွင် အသစ်များတွင် စွမ်းရည်ထက်မြက်သည့် ကျွမ်းကျင်လုပ်သားများ ဝင်ရောက်နိုင်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်ကြရန် လိုပါကြောင်း။


ဒေသတွင်း အလားအလာကောင်းသည့် လုပ်ငန်းများ စနစ်တကျ တိုးချဲ့တည်ဆောက်ရန် ကမ္ဘာ့အဆင့်အတန်းမီ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်လာရန်နှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန်တို့အတွက် လိုအပ်သည့် နည်းပညာများ ပံ့ပိုးရေး၊ ရင်းနှီးမြှုပ်နှံမှုများရရှိရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ ဈေးကွက်အသစ် ဖော်ထုတ်ပေးရေးတို့ကို ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။


နိုင်ငံတော်အစိုးရအနေဖြင့် MSMEs လုပ်ငန်းရှင်များ၏ အရင်းအနှီးများ တိုးမြင့် လာစေရန်အတွက် နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးသည့် ချေးငွေ၊ ဂျပန်နိုင်ငံရရှိသည့် JICA Two Step Loan ချေးငွေ၊ ဂျာမနီနိုင်ငံမှရရှိသည့် KfW Loan ချေးငွေစသည့် ချေးငွေအမျိုးမျိုးကို အတိုးနှုန်းသက်သာစွာဖြင့် MSMEs လုပ်ငန်းရှင်များသို့ ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ထို့ပြင် အပေါင်ပစ္စည်း တင်ပြရန် အခက်အခဲရှိသည့် လုပ်ငန်းရှင်များအတွက် ချေးငွေအာမခံစနစ် (Credit Guarantee Insurance - CGI) ကိုလည်း ဖော်ဆောင်ပေးထားပါကြောင်း။


လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာပံ့ပိုးမှုအပိုင်းတွင် စွန့်ဦးတီထွင်မှုဆိုင်ရာ သင်တန်း၊ စီးပွားရေးလုပ်ကိုင်မှု အရည်အသွေး မြှင့်တင်ရေးသင်တန်း၊ အသိဉာဏ် ပစ္စည်းပိုင်ဆိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာသင်တန်း၊ လုပ်ငန်းစီမံချက် ရေးဆွဲရေး၊ လုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာငွေစီမံခန့်ခွဲမှုသင်တန်း၊ ထုတ်လုပ်မှု နည်းပညာဆိုင်ရာ လက်တွေ့သင်တန်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုးရေး အခြေခံစားသောက် ကုန်ထုတ်လုပ်ခြင်း နည်းပညာများ၊ ငါး၊ ပုဇွန်၊ ရေလုပ်ငန်း အဆင့်မြှင့်တင်မှုဆိုင်ရာ နည်းပညာ လွှဲပြောင်းပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းပေးခြင်း အစီအစဉ်များကို စက်မှုဝန်ကြီးဌာန အနေဖြင့်လည်းကောင်း၊ ဒေသဆိုင်ရာ MSMEs များ အနေဖြင့် လည်းကောင်းနိုင်ငံတကာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 


ထို့ကြောင့် ဒေသတွင်း MSMEs များအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြောင်းလဲ တိုးတက်နေသည့် လူနေမှုအဆင့်အတန်း မြင့်မားလာမှုနှင့်အတူ စားသုံးသူလိုအပ်ချက် နှင့်ကိုက်ညီသော ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်သော လူမှုစီးပွားဝန်းကျင်ကို တည်ဆောက်နိုင်ရေးတို့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်လာရန်၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများနှင့် ပိုမိုကျယ်ပြန့်စွာ ချိတ်ဆက်ပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်းသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဖြစ်လာစေရန်တို့ကို ကြိုးပမ်းအားထုတ် ကြရမည်ဖြစ်ပါကြောင်း။

 

mdn


အဓိကပြောကြားလိုသည်မှာ မိမိတို့၏ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး မြန်မာနိုင်ငံ ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြင့်တက်လာစေရန် ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီဝင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်က တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် နဝမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ (MSMEs )၏ ထုတ်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချို၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံတို့က လက်ခံကြပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။


ယင်းနောက် ဒုတိယသမ္မတသည် မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်၊ အသေးစား ချေးငွေလုပ်ငန်းမှ ငွေချေးသူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

mdn


အခမ်းအနားတွင် မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်၊ စီမံကိန်းဒါရိုက်တာ ဦးသက်စိုးက အသေးစား ချေးငွေလုပ်ငန်းနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ငွေချေးသူများကိုယ်စား ငွေချေးသူ တစ်ဦးမှ ချေးငွေရယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် ဒုတိယသမ္မတက ပြည်သူများအနေဖြင့် ချေးငွေရယူ ဆောင်ရွက်ကြရာတွင် ရရှိသည့် အရင်းအနှီးကို တိုးပွားအောင် စနစ်တကျသုံးစွဲကြရန်နှင့် ချေးငွေများကို မိမိတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ အသုံးချသွားကြရန်၊ ထို့ပြင် ဒေသနှင့်ကိုက်ညီသည့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ချေးငွေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် မြိတ်မြို့ရှိ Myeik Shopping Center ၌ ကျင်းပသည့် နဝမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ၏ ထုတ်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲ (တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။


ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး   ဦးခင်မောင်ချို၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်၊ ကရင် ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဦးအောင်ထူး၊ ဦးမောင်မောင်ဝင်းနှင့် ထိုင်းနိုင်ငံ ပရာကျွပ်ခီရီခန်ခရိုင်မှ ဒုတိယခရိုင်ဝန် မစ္စတာ ဖိရုမ်နစ်ထရာ တို့က ပြပွဲနှင့် ပြိုင်ပွဲမုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။


ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် နဝမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs ) ၏ထုတ်ကုန် ပစ္စည်းပြပွဲ၊ ပြိုင်ပွဲတွင် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။


ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ပုလဲကျွန်း ပုလဲမွေးမြူရေးစခန်းသို့ ရောက်ရှိပြီး စခန်းအတွင်းရှိ မုတ်ကောင်များ သားဖောက်နေမှုအခြေအနေ၊ ပုလဲဝတ်ဆံ သွင်းနေမှုအခြေအနေနှင့် ထွက်ရှိသည့် ပုလဲများ ခင်ကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုလေ့လာရာ  သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်သိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက လိုက်လံရှင်းလင်း ပြသပြီး ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။


ဒုတိယသမ္မတက ပုလဲမွေးမြူရေးစခန်းမှ ထုတ်လုပ်သည့် ပုလဲများအား နိုင်ငံတကာဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးနှင့် နိုင်ငံခြားဝင်ငွေ တိုးတက် ရှာဖွေနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။ 


(သတင်းစဉ်)

 

mdn