နေပြည်တော် ၁၇ ဖေဖော်ဝါရီ
“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေးနာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ “သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီ နာယကအဖွဲ့” ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေး နာယကအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများမှ အဖွဲ့ဝင် များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အစည်းအဝေးကို ဖွင့်လှစ်သည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာ၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေးနာယကအဖွဲ့နှင့် ဦးစီးကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၂/၂၀၂၀ ဖြင့် “နာယကအဖွဲ့” ကို ဒုတိယသမ္မတ ဦးဆောင်၍ (၅)ဦးဖြင့် လည်းကောင်း၊ “ဦးစီးကော်မတီ”ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ (၂၀)ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို စနစ်တကျ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ (၁)ခုနှင့် ဆပ်ကော်မတီ (၁၁)ခုတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။
“ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၁၇)ချက် ချမှတ်ခဲ့ရာ အဆိုပါဆုံးဖြတ်ချက် များကိုလည်း သက်ဆိုင်ရာဆပ်ကော်မတီအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်ကို သိရှိရပါကြောင်း၊ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား” ကို နှစ်ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး “ပထမပိုင်း” အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို လည်းကောင်း၊ “ဒုတိယပိုင်း” အနေဖြင့် ၂၀၂၀ပြည့်နှစ်၊ မတ်လ ၈ ရက် (တပေါင်းလပြည့်နေ့) တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကိုလည်းကောင်း နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သွား မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီဝင်များ အနေဖြင့် နှစ်စဉ်ကျင်းပခဲ့သည့် အတွေ့အကြုံများအပေါ် အခြေခံပြီး ချမှတ်ထားသော လုပ်ငန်းတာဝန်များကို လစ်ဟာမှုမရှိအောင် ဝိုင်းဝန်းပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
“သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား”သည် နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်ပြီး ရှေးမြန်မာမင်းများ လက်ထက်ကတည်းက အစဉ်အလာကြီးမားခဲ့ကာ မြန်မာနိုင်ငံအစိုးရအဆက်ဆက် ကျင်းပ ပြုလုပ်ခဲ့သည့် အမြင့်ဆုံးသာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ချီးမြှောက်ထောက်ပံ့သော အခမ်းအနားကြီးဖြစ်ပါကြောင်း။
နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများသည် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ကြွရောက်လာမည်ဖြစ်၍ “ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ” အနေဖြင့် ဆရာတော်ကြီး များ၏ အသွားအပြန်ခရီးစဉ်အတွက် လေယာဉ်နေရာရရှိရေးနှင့် သွားလာရာတွင် အဆင်ပြေ ချောမွေ့စေရေးတို့အတွက် စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ပေးစေလိုပါကြောင်း၊ အခမ်းအနား ကျင်းပပြုလုပ်မည့် သာသနာ့မဟာဗိမာန်တော်ကြီးအတွင်း ခမ်းနားထည်ဝါစွာပြင်ဆင်ရန်၊ ဘုရားခန်းနှင့်တကွ သံဃာစင်မြင့်နေရာတို့ကို တင့်တယ်ကြည်ညိုဖွယ်ဖြစ်အောင် ခင်းကျင်း ထားရန်နှင့် ဆရာတော်ကြီးများ၊ ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ စိတ်နှလုံး ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရေးအတွက် ခေတ္တသီတင်းသုံးမည့် ကျောင်းဆောင်များ၊ ဟိုတယ် များနှင့် ဧည့်ရိပ်သာများ၏ သန့်ရှင်းရေး၊ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးတို့ကို ဂရုပြု ဆောင်ရွက် ပေးရန် လိုအပ်ပါကြောင်း။
“ကျန်းမာရေးဆပ်ကော်မတီ” အနေဖြင့် ဘွဲ့ခံဆရာတော်ကြီးများအား ဆက်ကပ်မည့် အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ကို ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သည့် ဟင်းလျာ များဖြစ်စေရေး စီမံဆောင်ရွက်ပေးရန်၊ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများ၌ သက်တော်ကြီးရင့်သော ဆရာတော်ကြီးများကို ဦးစားပေး၍ Medical Check up ပြုလုပ်ပြီး ကျန်းမာရေးစစ်ဆေးပေးရန်၊ ဆရာတော်ကြီးများ သီတင်းသုံးရာ ကျောင်းဆောင်များရှိ အခန်းများတွင် လိုအပ်သောဆေးဝါးများ အသင့်ထားရှိရန်၊ Wheelchair များ၊ အရေးပေါ်လူနာ တင်ယာဉ်များ စီစဉ်ထားရှိရန်နှင့် ကျောင်းဆောင်ပတ်ဝန်းကျင်တွင် ခြင်၊ ယင်များ မရှိအောင် ဆေးဖျန်းပေးရန် စသည်တို့ကို ကြိုတင်စီမံဆောင်ရွက်ပေးရန် ပြောကြားလိုပါကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ယခုလက်ရှိဖြစ်ပေါ်နေသော Coronavirus Disease 2019 (COVID-19) နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိရမည့် အစီအမံများကိုလည်း သေချာစွာစီမံဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ဆွမ်းဆန်တော်လောင်းလှူပွဲတွင် ရှေ့ဆုံးမှ ဗုဒ္ဓရုပ်ပွားတော်ကို ပင့်ဆောင်၍ ဘွဲ့ခံဆရာတော်ကြီး (၃၄၂)ပါးနှင့် သီလရှင်ဆရာကြီး (၂၅)ပါးတို့ကို အစီအစဉ်တကျ အလှူခံကြွရောက် နိုင်ရေးသေချာစွာစီမံဆောင်ရွက်သွားရန်နှင့် ကြိုတင်လောင်းလှူရမည့် ဆရာတော်များထံ လှူဖွယ်ပစ္စည်းများ စနစ်တကျ ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီ များက ဝိုင်းဝန်းပူးပေါင်းကာ ကြိုတင်ညှိနှိုင်းဆောင်ရွက်ပေးရန် ပြောကြားလိုပါကြောင်း၊ ထို့ပြင် ကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် “ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ” ကျင်းပရာတွင် လည်းကောင်း၊ အခြားသောလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း အဘက်ဘက်မှ လစ်ဟင်းမှုမရှိအောင်နှင့် သတ်မှတ်အချိန် အတွင်း ပြီးစီးရေးအတွက် စနစ်တကျစီမံခန့်ခွဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်ရမည့် အပြင် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း မပျက်မကွက်ပြုလုပ်သွားရမည် ဖြစ်ပါကြောင်း။
“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ၊ သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်း အနား”များ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီ အသီးသီးက အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း၊ ယနေ့ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်သော အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက “ကြိုဆိုပင့်ဆောင် နေရာချထားရေးနှင့် အခမ်းအနားသို့ ပင့်ဆောင်ရေးဆပ်ကော်မတီ” နှင့် “ဖိတ်ကြားရေးဆပ် ကော်မတီ” တို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက “အခမ်းအနားပြင်ဆင်ရေးနှင့် အခမ်းအနားကျင်းပရေး ဆပ်ကော်မတီ”၊ “ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ” နှင့် “ဘဏ္ဍာရေး ဆပ်ကော်မတီ” တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ အနုပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးလှိုင်ဝင်းမောင်က “ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ” နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က “ပို့ဆောင်ဆက်သွယ်ရေး ဆပ်ကော်မတီ” နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က “သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက “ကျန်းမာရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက “ဆွမ်းဆန်တော်လောင်းလှူရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက “လုံခြုံရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍လည်းကောင်း သက်ဆိုင်ရာဆပ်ကော်မတီများ အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တွေ့ကြုံနေရသည့်အခက်အခဲများ၊ ဆက်လက် ဆောင်ရွက်သွားမည့်အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို နှင့် အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းတို့က ဘွဲ့တံဆိပ်ဆက်ကပ်မည့် ဆရာတော်ကြီးများအား ဖိတ်ကြားရေးနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည် များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)