နန်နင်း  ၂၀  စက်တင်ဘာ 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Han Zheng တို့သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် နန်နင်းမြို့ရှိ Li Yuan International Conference Center ၌  တွေ့ဆုံဆွေးနွေးကြသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် ဖော်ဆောင်ရေး၊  နှစ်နိုင်ငံခေါင်း ဆောင်များအကြား အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ တိုးမြှင့်ဆောင်ရွက်ရေး၊ ရပ်ဝန်းနှင့်ပိုး လမ်းမဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊  စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ ဆန်စပါး၊ ပဲ၊ ပြောင်း၊ သကြား၊ သစ်သီးဝလံနှင့် ရေထွက်ကုန်များ တိုးမြှင့်တင် ပို့နိုင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ နည်းပညာနှင့် လေ့ကျင့်ရေး ဆိုင်ရာများ အကူအညီပေးရေး၊  မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စ ရပ်များ၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြ သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင် ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


ညပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ တရုတ်နိုင်ငံအစိုးရက Li Yuan International Conference Center ၌ တည်ခင်းဧည့်ခံသည့်  ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။


သတင်းစဉ်