နေပြည်တော် ဧပြီ ၃၀

၁၃၈၈ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပပူဇော်သည့် မဟာ မင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးတို့ တက်ရောက်၍ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ သာသနဝေပုလ္လ ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောဝိဒနှင့် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ် တိုက်အုပ်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဒွိပိဋကဓရပိဋကတ္တယ ပါရဂူ ဘဒ္ဒန္တ သိရီကဉ္စနာဘိဝံသတို့ အမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းနှင့် ဇနီး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ဇနီး၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ ဒုတိယသမ္မတ ဦးညိုစောက အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ် ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီး ကပ်လှူပူဇော်သည်။

ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိတ္ထီလာမြို့ သာသနဝေပုလ္လ ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ကောဝိဒထံမှ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ဒုတိယ သမ္မတ ဒေါ်နန်းနီနီအေးနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီးတို့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ မိတ္ထီလာမြို့ သာသနဝေပုလ္လ ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးအားလည်းကောင်း၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်တိုက်အုပ် ဆရာတော်ကြီးအားလည်းကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထောင်စု တရားသူကြီးချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာ ဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသိရီ ကဉ္စနာဘိဝံသထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှ ပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ဒုတိယ သမ္မတဦးညိုစောနှင့်ဇနီး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့် အခမ်းအနား တက်ရောက်လာကြသူများက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ မိတ္ထီလာမြို့ သာသနဝေပုလ္လ ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

သတင်းစဉ်