ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ၂ဝ၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၁၃  အောက်တိုဘာ

 

၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးသန့်စင်မောင်၊ ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုး အောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ဦးစိုးအောင်၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမ ှသံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ကုလသမဂ္ဂနှင့် နိုင်ငံ တကာအဖွဲ့အစည်းများ၊ INGO၊ NGO များ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသည့် ဧည့် သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယသမ္မတ က ယနေ့ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အခမ်းအနားသည် ၂ဝဝ၉ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ်(၆၄/၂ဝဝ)အရ နှစ်စဉ် အောက်တိုဘာလ (၁၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အဖြစ် သတ်မှတ်ချက်နှင့်အညီ ကျင်းပခြင်း ဖြစ်ပါကြောင်း၊ အလားတူ ကမ္ဘာ့နိုင်ငံအသီးသီး၌လည်း ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂ဝ၁ဝ ပြည့်နှစ်မှစတင်၍ နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့ကျင်းပရာတွင် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာသဘာဝဘေး လျော့ပါးရေးမဟာဗျူဟာ (United Nations International Strategy for Disaster Reduction-UNISDR) က နှစ်စဉ် ဦးတည်အုပ်စု တစ်စုကိုရွေးချယ်၍ ဆောင်ပုဒ်များချမှတ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခု ၂ဝ၁၈ ခုနှစ်အတွက် ရွေးချယ်သတ်မှတ်ထား သည့်ဆောင်ပုဒ် မှာ ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့၊ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှု လျှော့ချစို့ (REDUCING ECONOMIC LOSSES FROM DISASTER HAS THE POWER TO TRANSFORM LIVES) ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ဘဝတိုးတက်ပြောင်းလဲရေးဆောင်ရွက်ရာတွင် သဘာဝဘေးနှင့် လူကြောင့်ဖြစ်သည့် ဘေးများကြောင့် စီးပွားရေး ဆုံးရှုံးမှုလျှော့ချရေးသည် အလွန်အရေးပါသည့်ကဏ္ဍတွင် ပါဝင်နေသည်ကို ယခုနှစ်ဆောင်ပုဒ်က ညွှန်းဆိုနေပါကြောင်း။

 

ယနေ့မျက်မှောက် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများ၏ ဆိုးရွားလှသည့် သက်ရောက်မှုများကို ရင်ဆိုင်တွေ့ကြုံခံစား နေကြရပါကြောင်း၊ ၂ဝ၁၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံးတွင် အသက်သေဆုံးခဲ့ရသည် အထိဖြစ်ပွားခဲ့သော သဘာဝဘေးများ၏ ၅ဝ ရာခိုင်နှုန်းကျော် သည် အာဆီယံဒေသတွင်း နိုင်ငံများတွင် ဖြစ်ပွားခဲ့သည်ဆိုသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်ပါကြောင်း။

 

၂ဝ၁၇ ခုနှစ်အတွင်း ဘေးအန္တရာယ်အမျိုးမျိုးကြောင့် စီးပွားရေးကဏ္ဍ ဆုံးရှုံးမှုပမာဏသည် ၂ဝ၁၆ ခုနှစ်ကထက် ၆၃ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ပါကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင် ဘေးအန္တရာယ်ကြောင့် စီးပွားရေးကဏ္ဍ ဆုံးရှုံးမှုနှင့် ပတ်သက်၍ ၁၉၉ဝ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်ကာလအတွင်း ၂ဝ၁၁ ခုနှစ်သည် စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှု အမြင့်ဆုံးဖြစ်ပြီး ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ဝ ရှိခဲ့ပါကြောင်း၊ ဘေးအန္တရာယ်များကြောင့် အာဆီယံဒေသ၏ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုသည် ကမ္ဘာ့ဘဏ်စာရင်းအင်း အချက်အလက်များအရ နှစ်စဉ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံထိရှိခဲ့ပြီး ဒေသတွင်းနိုင်ငံများ၏ ဂျီဒီပီ၏ သုည ဒသမ ၂ ရာခိုင်နှုန်းထက် ပိုမိုနေသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင်၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်း ဘေးအန္တရာယ် ဖြစ်ပွားမှုပေါင်း ၂၅ဝဝ ကျော်ရှိခဲ့ပြီး လူဦးရေ ၅သိန်းကျော် ဘေးဒုက္ခ ခံစားခဲ့ကြရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘေးဖြစ်ပွားမှုများအတွက် ထောက်ပံ့မှုများ အပြင် ရေရှည် သဘာဝဘေးလျော့ပါးရေး အစီအမံများ အတွက်၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်  ကျပ်သန်းပေါင်း ၅၅၈၅ ကျော် ထောက်ပံ့ပေးခဲ့ ပါကြောင်း၊  သဘာဝဘေးများကြောင့် ဆုံးရှုံးမှုများနှင့် ထောက်ပံ့မှုများအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် သုံးစွဲနိုင်ခဲ့ပါက  ပြည်သူများ၏ဘဝ တိုးတက်ပြောင်းလဲရေးကို အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ ဖြစ်စေမည် ဖြစ်ပါကြောင်း။

 

ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချပြီး ပြည်သူများ၏ လူနေမှုဘဝ တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေရန် ပြည်သူအားလုံးပူးပေါင်းပါဝင်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်ကို မြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတွင်း၌သာမက ဒေသတွင်း နိုင်ငံများအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်နိုင်ရေး တို့အတွက် နေပြည်တော်တွင် ကျင်းပခဲ့သည့် ၂၄ ကြိမ်မြောက် ASEAN Summit က ထုတ်ပြန်ခဲ့သည့် နေပြည်တော်ကြေညာစာတမ်း၊ သဘောတူညီချက်(၂၄)တွင် “အာဆီယံသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန ”(ASEAN Coordination Centre for Humanitarian Assistance on Disaster Management-AHA Centre)၏ စွမ်းဆောင်နိုင်မှု မြှင့်တင်နိုင်ရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံ သဘောတူစာချုပ် (ASEAN Agreement on Disaster Management and Emergency Response-AADMER) ကို ဒေသတွင်း မူဘောင်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အာဆီယံနိုင်ငံများ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ကြရန်နှင့် တစ်ခုတည်းသော အာဆီယံ၊ တစ်ခုတည်းသော တုံ့ပြန်မှု One ASEAN, One Response ကို အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံး တညီတညွတ်တည်း သဘောတူညီ ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ မူဘောင် သဘောတူညီချက် များနှင့်အညီ ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်နေသကဲ့သို့ တတိယအကြိမ် သဘာဝဘေးလျော့ပါးရေး ကမ္ဘာ့ညီလာခံက ချမှတ်ခဲ့သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂ဝ၁၅-၂ဝ၃ဝ) တွင် ပါရှိသည့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ အခြေခံမူများနှင့် လုပ်ငန်းစဉ်များ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals)နှင့်အညီ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစီမံချက် (၂ဝ၁၇) ကိုရေးဆွဲပြီးသက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။

 

ဘေးအန္တရာယ်ကြောင့် စီးပွားရေးကဏ္ဍအပါအဝင် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရေးအတွက် စနစ်ကျသည့် စီမံခန့်ခွဲမှုများ၊ မူဘောင်များ၊ လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်ရသကဲ့သို့ လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေများဖြင့်လည်း ဆောင်ရွက်ရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများကို ရေးဆွဲပြဋ္ဌာန်းထားပြီး အဆိုပါ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံ၏ ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ဦးဆောင်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်အထိ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းကာ ဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းနိုင်သမျှ လျော့နည်းအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ပြည်သူများ၏ ဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားရေးနှင့် စီမံဆောင်ရွက်ပေးရမည့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်ကြသည့် အဖွဲ့အစည်းများအားလုံး၏ စွမ်းဆောင်ရည်များ မြင့်မားလာစေရေးကိုလည်း စီမံဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောမှုများ၊ စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းများ၊ ပြည်သူများ ပါဝင်သည့် ဇာတ်တိုက်လေ့ကျင့်မှုများအပြင် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများဖြစ်သည့် မုန်တိုင်းဒဏ်ခံ အဆောက်အဦးများ၊ ဘေးလွတ်ရာ ရှောင်တိမ်းနိုင်သော လမ်းတံတားများ၊ ဘက်စုံသုံး အဆောက်အဦးများ၊ ရှာဖွေကယ်ဆယ် ရွှေ့ပြောင်းရေးအတွက် ယာဉ်ယန္တရားများ စသည် တို့ကိုလည်း တိုးမြှင့်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

 

သဘာဝဘေးအန္တရာယ် ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ရေရှည်တည်တံ့သည့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development)လုပ်ငန်းများကို အဟန့်အတား ဖြစ်စေသည့် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် စီမံကိန်းများ ရေးဆွဲဆောင်ရွက် ကြရာတွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစဉ်များကို ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

 

သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများတွင် အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံ၌လည်း ဘက်စုံကဏ္ဍစုံတွင် ထည့်သွင်းပေါင်းစပ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေး ဆောင်ရွက်ရာတွင် ယခုနှစ် ဆောင်ပုဒ်ပါအတိုင်း သဘာဝဘေးကြောင့် စီးပွားရေးထိခိုက် ဆုံးရှုံးနိုင်မှုလျှော့ချပြီး နိုင်ငံသားတိုင်း ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့် ဘေးဒဏ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် အသက်အရွယ်မရွေး၊ လူတန်းစားမရွေး ပါဝင်တည်ဆောက် သွားကြရမည် ဖြစ်ပါကြောင်း။

 

ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝဘေး လျော့ပါးရေး အစီအမံများ ထည့်သွင်းစဉ်စား ဆောင်ရွက်ရေးကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကော်မတီဝင်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များအနေဖြင့် မိမိတို့ဌာန အဖွဲ့အစည်းများ၏  မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ရပ်အဖြစ ္မှတ်ယူဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုတစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရေးအတွက် စည်းရုံးဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လူတစ်ဦး တစ်ယောက်ချင်းစီက တာဝန်သိစိတ်ကိုယ်စီဖြင့် ဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ပြီး ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုကို လျှော့ချနိုင်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုကို ဦးတည်သည့် လူနေမှုဘဝများ တည်ဆောက်ကြပါစို့ ဟု တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂခေတ္တ ဌာနေညှိနှိုင်းရေးမှူး Ms. Janet E Jackson က ကုလသမဂ္ဂ ထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

 

ယင်းနောက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ် ဗီဒီယို မှတ်တမ်းကို ပြသသည်။

 

ထို့နောက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

 

(သတင်းစဉ်)

 

mdn

 

mdn

 

mdn