နေပြည်တော် ၇ ဇွန်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၂/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက်၉နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားခဲ့သည်။
အစည်းအဝေးသို့ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဌနှင့် အတွင်းရေးမှူး၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယခုအစည်းအဝေးတွင် မိုးရာသီကာလ၌ ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များ၊ ကြိုတင်ခန့်မှန်း၍ မရနိုင်သည့်ငလျင်ဘေး အန္တရာယ်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့မှ ပညာရှင်များ၏ အကြံပြုချက်များနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားလိုကြောင်း၊ ထို့ပြင် အခြားအရေးကြီးသည့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ပေါင်းစပ်ညှိနှိုင်းပေးရမည့်လုပ်ငန်းများ ကျန်ရှိနေပါက ဆွေးနွေးတင်ပြကြရန် ပြောကြားလိုကြောင်း။
ယနေ့ကာလ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုများပြားလာခြင်း၊ ပိုမိုအင်အားပြင်းထန်လာခြင်းတို့သည် ထူးခြားစွာခံစားလာရသည့် ဘေးအန္တရာယ်များ မဟုတ်တော့ဘဲ ကမ္ဘာပေါ်တွင် ပုံမှန်ဖြစ်ပေါ်ခံစားလာရသည့် ဘေးအန္တရာယ်များ ဖြစ်လာနေသည်ကို အားလုံးမြင်တွေ့သိရှိနေရပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မုတ်သုံကာလ တိုတောင်းလာပြီး မိုးရွာသွန်းမှုပုံစံများပြောင်းလဲလာခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာခြင်း၊ အပူချိန်လွန်ကဲမှုများ ဖြစ်လာခြင်း၊ လေပြင်းတိုက်ခတ်မှုများ၊ မိုးသီးကြွမှေုများ၊ မိုးကြိုးပစ်မှုများ ပိုမိုများပြားလာခြင်း၊ ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်လာခြင်းစသည်ဖြင့် ဘေးအန္တရာယ်များ ပိုမိုရင်ဆိုင် ကြုံတွေ့နေရသည်ကို အားလုံးသိရှိကြပြီးဖြစ်ပါကြောင်း။
သဘာဝဘေးစီမံခန့်ခွဲသူများအနေဖြင့် ဘေးအန္တရာယ်များ၏ ပြုပြင်ပြောင်းလဲလာ သော သဘောသဘာဝများကို မျက်ခြေမပြတ်လေ့လာသိရှိနေရန်၊ အစဉ်အမြဲ နိုးနိုး ကြားကြား ရှိနေရန်၊ ရင်ဆိုင်တုံ့ပြန်နိုင်ရေး အဆင့်သင့်ဖြစ်နေရန်၊ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်း အစီအမံများအပြင် ရေရှည်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ၂၀၁၉ခုနှစ် မေလ ၁၃ ၇က် မှ ၁၇ ရက် ထိကျင်းပ ခဲ့သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် ကမ္ဘာလုံး ဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် ညီလာခံတွင်လည်း ကမ္ဘာ့နိုင်ငံပေါင်း (၁၈၂)နိုင်ငံ မှ ကိုယ်စားလှယ် အဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်း (၁၀ဝ)ကျော်မှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်များ၊ စီးပွားရေးအဖွဲ့အစည်းကြီးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှလည်း ပါဝင် တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါ ညီလာခံတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာဝဘေးလျော့ပါးရေး ဆောင်ရွက်မှုအတွက် အရေးပါမှု တစ်ရပ်အဖြစ် ဆက်လက် လုပ်ဆောင်သွားရန်သဘောတူခဲ့ကြပါကြောင်း။
ထို့ပြင်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုနှင့်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းများတွင် လူထုပါဝင်မှုကိုလည်း ထည့်သွင်း ဆောင်ရွက်ကြရန်ဆွေးနွေးခဲ့ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများ၊ ရာသီဥတုကြောင့် ထိခိုက်မှုလျော့ပါးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လက်ရှိ ပူးပေါင်း ဆောင်ရွက်နေသကဲ့သို့ နောင်တွင်လည်း ယခုကဲ့သို့ စနစ်တကျ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင်အားလုံး ပိုမိုပူးပေါင်းကာ ဆောင်ရွက်ချက်များခိုင်မာအားကောင်းလာသော်လည်း သဘာဝဘေးများ၏ သဘောသဘာဝများအရ အချိန်အခါမရွေး ရင်ဆိုင်ကြုံတွေ့နိုင်သည့် အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အဆင်သင့်ဖြစ်စေရေးတို့ကို စဉ်ဆက် မပြတ် အားထုတ်ဆောင်ရွက်နေကြရန်လိုအပ်ပါကြောင်း၊ ကြိုတင်ပြင်ဆင် အားထုတ်မှုကောင်းခြင်း၏ သာဓကအနေဖြင့် အိန္ဒိယနိုင်ငံဩရိဿပြည်နယ်ပူရီမြို့ကို ၂၀၁၉ ခုနှစ်မေ၂ရက်တွင် ဝင်ရောက်ခဲ့သော အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ (၇)ဘီလီယံခန့်ရှိပြီး အဆိုပါပျက်စီး ဆုံးရှုံးမှုများအတွက် မူလအနေအထားအတိုင်း ပြန်လည်ပြုပြင် ထူထောင်နိုင်ရန်(၁၀) နှစ်ခန့် အချိန်ယူ ရမည်ဖြစ်ပါကြောင်း။
ထိုကဲ့သို့သောပြင်းထန်ကြီးမားသည့်မုန်တိုင်းဖြစ်သော်လည်း ယင်းပြည်နယ်တွင် သေဆုံးသူဦးရေ သည်(၆၄)ဦးသာရှိသည့်အတွက် အန္ဒိယနိုင်ငံ၏ သဘာဝဘေး တုန့်ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်မှုအပိုင်း အားကောင်းခဲ့သည်ကို တွေ့ရမည်ဖြစ်ပါ ကြောင်း။
အနီးစပ်ဆုံး ရင်ဆိုင်ဖြေရှင်းကြရမည့် မိုးတွင်း ကာလသဘာဝဘေးအန္တရာယ်များကို ကြည့်မည်ဆိုပါက မုန်တိုင်းဘေး၊ ရေကြီးရေလျှံမှုများ၊ လျှပ်တပြက်ရေဘေး၊ မိုးကြိုးပစ်ခြင်း၊ မြစ်ကမ်းပါးပြိုမှုများ၊ မြေပြိုမှုများပင်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်ပြည်သူများဘေးဒဏ်ကြောင့် ထိခိုက်မှုမှ လျော့နည်းသက်သာစေရန် ကြိုတင်ပြင်မှုများဆောင်ရွက်ထားရမည့် တာဝန်ရှိပါကြောင်း၊ နှစ်စဉ်ရင်ဆိုင် ဖြေရှင်းခဲ့ရသည့် အတွေ့အကြုံများလည်း ရှိပြီးဖြစ်သဖြင့် သက်ဆိုင်ရာ ဌာနအလိုက်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအလိုက် ယခင်အတွေ့အကြုံများ အပေါ် အခြေခံပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း။
မိုးလေဝသနှင့်ရာသီဥတုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်မှု အခြေအနေများကို အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်နိုင်ရန် သက်ဆိုင်ရာဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင်ဒေသအလိုက် သက်ဆိုင်ရာ အစိုးရဌာနများကဆောင်ရွက်သကဲ့သို့ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်မိ ရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အင်အားကိုလည်း ရယူပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုတင်ချိတ်ဆက် စီမံထားရှိရမည်ဖြစ်ပါကြောင်း။
သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများသည် ပြည်သူလူထုမှအစ အားလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့်အတွက် ပြည်သူများ နားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့တွင် ယခင်အတွေ့အကြုံများစွာ ရှိပြီးဖြစ်သည့်အတွက် အားနည်းချက်များ၊ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ပြီး မိမိတို့ ဆောင်ရွက်ချက်များသည် ပြည်သူ့လိုအပ်ချက်နှင့် အနီးစပ်ဆုံး ကိုက်ညီမှုရှိစေရေးကို အလေးထားကာ အားလုံးပူးပေါင်း အကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ်ပါကြောင်း။
လာမည့်မိုးရာသီကာလတွင် ဖြစ်ပေါ်နိုင်သည့်ဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ဆောင်ရွက်သကဲ့သို့ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသေးသော ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ရင်ဆိုင်တုံ့ပြန်နိုင်ရေး အမြဲအဆင့်သင့်ဖြစ်နေရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မိမိတို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်နေသည့်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့မှ အကြံပြု တင်ပြထားရှိသည့် အကြံပြုချက်များကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိတို့ ဆောင်ရွက်နိုင်မှု အခြေအနေအလိုက် တင်ပြ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
အကြံပြုချက်များကို ကြည့်မည်ဆိုပါက ရာသီဥတုပြောင်းလဲမှုနှင့် ရေရှားပါးမှု ဖြစ်စဉ်နှင့် ပတ်သက်သည့်အကြံပြုချက်များ၊ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုနှင့် ပတ်သက်သောအကြံပြုချက်များ၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ လေပြင်းဘေးအန္တရာယ်များနှင့် ပတ်သက်သော အကြံပြုချက်များကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
အဆိုပါ အကြံပြုချက်များအရ ရေတို၊ ရေရှည်ဆောင်ရွက်နိုင်မှု အခြေအနေများ အပေါ် ဆောင်ရွက်ပေးကြရန်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို တာဝန်ခွဲဝေ ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ(၁၂)ခုကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်၍ လုပ်ငန်းတာဝန်အလိုက် ဆောင်ရွက်ကြရန်နှင့် အကြံပေးအဖွဲ့နှင့် လုပ်ငန်း ကော်မတီ(၁၂)ခုတို့လည်း ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားလိုပါကြောင်း။
မိမိအနေဖြင့် ယခုမိုးတွင်းကာလတွင် ဖြစ်ပေါ်လာနိုင်သည့်သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်ပြီး မိမိတို့ဒေသအတွင်း ဖြစ်ပွားလာနိုင်သည့် ဘေးအန္တရာယ်များအတွက် ရင်ဆိုင်တုံ့ပြန်နိုင်ရန် လိုအပ်သည့် အစီအမံများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး ၊ ပြည်နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့များအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ ပြည်သူလူထုထံ လျင်မြန်ထိရောက်သည့် ကြိုတင်သတိပေးချက်များ ရောက်ရှိစေရန် ကြိုတင်စီမံဆောင်ရွက်ကြရန်၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအတွက် လူအင်အား၊ ပစ္စည်းအင်အားကြိုတင်စုဖွဲ့ ဆောင်ရွက်ထားကြရန်၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် မြေပြင်တွင် ဆောင်ရွက်သူများ၊ ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်သူများ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေး ကြိုတင်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်၊ အရေးပေါ်ထောက်ပံ့ရေး လုပ်ငန်းများအတွက် လိုအပ်သည့်ပစ္စည်းများ၊ ပို့ဆောင်ရေးယာဉ်နှင့် ပို့ဆောင်ရေး လမ်းကြောင်းများ ကြိုတင်စီမံထားရှိကြရန်၊ လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပြီး သဘာဝဘေးကျရောက်ချိန်နှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချိန်တွင် အချိတ်အဆက်မိမိ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့အတူအမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်သော် လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၏ ဘတ်ဂျက်ရန်ပုံငွေဖြင့်သော်လည်းကောင်း၊ အလှူငွေများဖြင့် လည်းကောင်း ဆောင်ရွက်နေသည့် မုန်တိုင်းဒဏ်ခံအဆောက်အဦများ ဆောက်လုပ် ခြင်း၊ မြစ်ကမ်းပါးထိန်းသိမ်းခြင်းလုပ်ငန်းများ၊ မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းများ၊ ရေတွင်းရေကန်တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများစသည့်သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ လုပ်ငန်းဆောင်ရွက်ထားရှိမှု အဆင့်ဆင့်ကို ပုံမှန်တင်ပြပေးရန်ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက နိုင်ငံတဝန်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့မှု၊ သဘာဝဘေးအန္တရာယ်များကြောင့်ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှု၊ ပျက်စီဆုံးရှုံးနစ်နာခဲ့မှု၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့မှု၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးဒုတိယဝန်ကြီးဦးစိုးအောင်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်၁၉ချက်ကိုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်နေပြည်တော်ကောင်စီတို့မှ အကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးမှုအခြေအနေနှင့်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေ စာရင်းရှင်းတမ်းတို့ကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြန်ကြား ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဟန်ဇော်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့က သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(၁/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပြီးစီးမှု၊ မြန်မာနိုင်ငံအတွင်း သဘာဝ ဘေးအန္တရာယ်များဖြစ်ပေါ်ခဲ့မှု၊ သဘာဝဘေးဒဏ်သင့်ဒေသများတွင် ရှာဖွေကယ် ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကူညီထောက်ပံ့ပေးခဲ့မှု အခြေအနေများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး တို့က ဒေသအလိုက် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ၊ ကူညီထောက်ပံ့ပေးခဲ့မှုများ၊ အခက်အခဲများ၊ လိုအပ်ချက်များ၊ သဘာဝဘေး အန္တရာယ်လျော့ပါးရေးနှင့် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ခင်နှင့် အတွင်းရေးမှူးဦးချစ်ကျော်တို့က သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက အရေးပေါ်တုံ့ပြန်ရေး၊ ပြည်သူလူထုထံလျင်မြန်ထိရောက်သည့်ကြိုတင်သတိပေး ချက်များရောက်ရှိစေရေး၊ သဘာဝဘေးအန္တရာယ်များလျော့ပါးရေးအတွက်ကြိုတင် ပြင်ဆင်ဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့်အကြံပြုချက်များနှင့် ၂၀၁၉ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသခန့်မှန်းချက်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကြုံတွေ့ရနိုင်သည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်ဒုတိယသမ္မတက တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)