ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ကန်ပက်လက်မြို့မိုးလုံလေလုံအားကစားရုံ ဆောက်လုပ်နေမှုနှင့် ပြည်သူ့ဆေးရုံတို့အား ကြည့်ရှု စစ်ဆေး

ကန်ပက်လက် ၂၆  ဧပြီ

           

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်အတွင်း တိုးချဲ့ဖွဲ့စည်းထားသည့် ကျင်ဒွေးမြို့သို့ ရောက်ရှိကြသည်။

 

 

1

 

ဒုတိယသမ္မတနှင့်အဖွဲ့အား  ကျင်ဒွေးမြို့ ဒေသခံပြည်သူများက ရိုးရာဓလေ့အတိုင်း ဂုဏ်ပြုကြိုဆိုကြသည်။

 

1

ယင်းနောက် ဒုတိယသမ္မတသည် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

ရှေးဦးစွာ ဒုတိယသမ္မတနှင့်အဖွဲ့အား ကျင်ဒွေးမြို့ လူငယ်မောင်မယ်များက ပြည်ထောင်စုသစ္စာ၊ ချင်းတို့ဌာနေသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

 

1

 

ထို့နောက်  ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ကျင်ဒွေးမြို့သည် ရေမြေရာသီဥတုများစွာ ကောင်းမွန်ပြီး လူဦးရေအထူထပ်ဆုံး နေထိုင်သည့် မြို့ဖြစ်ပါကြောင်း၊ စီးပွားရေးအရလည်း များစွာအလားအလာကောင်းသည့်နေရာတွင် ရှိနေပါကြောင်း၊ ထိုအရာများသည် ကျင်ဒွေးမြို့အတွက် မျှော်လင့်ချက်များပင်ဖြစ်ပါကြောင်း၊ အဆိုပါ မျှော်လင့်ချက်များကို ဝိုင်းဝန်း၍ အကောင်အထည်ဖော် သွားရမည် ဖြစ်ပါကြောင်း၊ ကျင်ဒွေးမြို့သည် ၁၉၇၀ ခုနှစ်ခန့်တွင် မြို့အဆင့်ရှိခဲ့ရာမှ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့အဆင့်မှ ကျေးရွာအုပ်စုအဆင့်သို့ လျော့ကျခဲ့ပါကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်စွဲပါ ပြည်ထဲရေးဝန်ကြီးဌာန၏ စာအမှတ်(၁၇၃၀/၂၀၁၈) အရ ကျေးရွာအုပ်စုအဆင့်မှ မြို့အဆင့်သို့ ပြန်လည်တိုးမြှင့် သတ်မှတ်ပေးခြင်း ဖြစ်ပါကြောင်း။

 

1

 

နိုင်ငံတော်အစိုးရအနေဖြင့် ကျင်ဒွေးမြို့နှင့် ပတ်သက်၍ စေတနာအရင်းခံ၍ ကြိုးစားဆောင်ရွက်ပေးသည့် ရလဒ်တစ်ခုပင် ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်တွင် လက်ရှိ အစိုးရသက်တမ်း (၃)နှစ်တာကာလအတွင်း ကျင်းဒွေးမြို့အပါအဝင် မကွီအိမ်နူး၊ နှာဟရိန်၊ ဝေဘူလ၊ ဆူရ်ခွား ကျေးရွာအုပ်စု(၅)စုတို့ကို ချင်းပြည်နယ်ဖွဲ့ ဖြိုးတိုး တက်ရေးအတွက် ရည်ရွယ်၍  မြို့အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးခြင်း ဖြစ်ပါကြောင်း၊ မြို့အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးရခြင်း ရည်ရွယ်ချက် အနေဖြင့် နယ်မြေဒေသ၊ မြို့၊ ရွာ၊ လုံခြုံရေး၊ ဥပဒေစိုးမိုးရေး၊ ရပ်ရွာဒေသအေးချမ်းသာယာရေး၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို အဆင့်မြှင့်တင်ရန် ဖြစ်ပါကြောင်း။

 

ချင်းပြည်နယ်၏ အဓိကလိုအပ်ချက်မှာ လမ်းပန်းဆက်သွယ်ရေး ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုအစိုးရနှင့် ချင်းပြည်နယ်အစိုးရတို့မှ  တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ မိမိတို့၏ ပြည်နယ်တွင် ယခင်က အိမ်မက်ပင် မမက်ဘူးခဲ့သည့် ဖလမ်းမြို့မှ ဆူရ်ဘုံ လေယာဉ်ကွင်းအား လာမည့် ၂၀၂၀ ခုနှစ်တွင် အပြီးတည်ဆောက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

1

 

ထို့ပြင် မကြာမီ လိုင်လင်းပီလေယာဉ်ကွင်းကိုလည်း ဖောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ လိုအပ်သည့် စာသင်ကျောင်း၊ ကျန်းမာရေးဆေးရုံ၊ ဆေးခန်းများကို အဆင့်မြှင့်တင်ပေးခြင်း၊ တိုးချဲ့ပေးခြင်းဝန်ထမ်းများ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခြင်းများကို နိုင်ငံတော်အစိုးရ အနေဖြင့် ကြိုးစားဖြည့်ဆည်းဆောင်ရွက်နေပါကြောင်း၊ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် ဆိုလာမီး၊ အသေးစားရေအားလျှပ်စစ်တို့ဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်အတိုင်းအတာဖြင့် အကျိုးပြုနိုင်မည့် ၆၂၂ မဂ္ဂါဝပ်   ထုတ်လုပ်နိုင်မည့် လေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ မတူပီမှ ဆမီး- ပလက်ဝ လမ်းကိုလည်း ရာသီမရွေး သွားလာနိုင်အောင် အဆင့်မြှင့်တင်ခြင်းကိုလည်း အားကြိုးမာန်တက် ဆောင်ရွက်နေပါကြောင်း။

 

အလားတူ ပလက်ဝတွင်လည်း  ကုလားတန်  မြစ်ကူးတံတား စီမံကိန်းကို ၂၀၂၀ ခုနှစ်တွင် အပြီးဆောင်ရွက်နေပါကြောင်း၊ ကန်ပက်လက်မှ မကွီအိမ်နူး-ဆမီး-ပလက်ဝ လမ်းကိုလည်း မဟာဗျူဟာလမ်းအဖြစ် အကောင်အထည်ဖော်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိရာ အောင်မြင်ပြီးစီးပါက အိန္ဒိယနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံ အောက်ပိုင်းမှ ထွက်ကုန် မှန်သမျှကို ဆိပ်ဖြူ- ဆော- ကန်ပက်လက်-မကွီအိမ်နူး- ဆမီး- ပလက်ဝ လမ်းကြောင်းဖြင့် အိန္ဒိယနိုင်ငံသို့ ပို့နိုင်တော့မည် ဖြစ်၍ ဒေသဖွံ့ဖြိုးရေး အတွက်သာမက မြန်မာ - အိန္ဒိယနှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု အတွက် အလွန်အားကိုး အားထားပြုရမည့် လမ်းကြောင်းတစ်ခု ဖြစ်လာမည်ဖြစ်သောကြောင့် အောင်မြင်အောင် အကောင်အထည်ဖော်ရန်အတွက် မိမိတို့ အစိုးရအနေဖြင့် ကြိုးစားလျက်ရှိပါကြောင်း။

 

နိုင်ငံ၏တိုးတက်ရာ တိုးတက်ကြောင်းကို ကြိုးစားပမ်းစား ဆောင်ရွက်သည့်နေရာတွင် တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုသည် မရှိမဖြစ် လိုအပ်သည့် အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ကောင်းရာကောင်းကျိုးအတွက် အထူးသဖြင့် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တော်ကြီးတည်ဆောက်သည့်နေရာတွင် အစိုးရနှင့်အတူ ဒေသခံတိုင်းရင်းသားအားလုံးက မိမိတို့ကျရာကဏ္ဍမှ တတ်စွမ်းသမျှပူးပေါင်း ဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို မြို့မိမြို့ဖများက တင်ပြကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးဖြည့်ဆည်းပေးသွားမည့် အစီအစဉ်များကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ကျင်ဒွေးမြို့ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန်အတွက် မြို့မိမြို့ဖများထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

 

ယင်းနောက် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးဇိုဘွဲ့ ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်    သန်းထွဋ်နှင့် ဦးလှမော်ဦး တို့က တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်သွားကြသည့် ကျင်ဒွေးမြို့လူငယ်မောင်မယ်များအား ဆုငွေများ ချီးမြှင့်ကြသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

           

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကန်ပက်လက် - ကျင်ဒွေးလမ်း ဖောက်လုပ်ရန် အဆိုပြုလျာထားသည့် လမ်းမြေနေရာအား ရှင်းလင်း တင်ပြကြရာ ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။

           

ထို့နောက် ကန်ပက်လက်မြို့နယ် မိုးလုံလေလုံအားကစားရုံတည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က  မိုးလုံလေလုံအားကစားရုံဆောက်လုပ်မည့် အခြေအနေများနှင့် တည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

           

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

           

 

အဆိုပါ အားကစားရုံကို သူရလင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက် လုပ်ခြင်းဖြစ်ပြီး (၁၂၀x၉၀x၃၆)ပေ Steel Structure ဖြစ်ကာ တန်ဖိုးအားဖြင့် ၂၅၀ ဒသမဝ သန်းဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် လုပ်ငန်းပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ကန်ပက်လက်မြို့ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာပေါင်ရှင်းလျန်က  ကန်ပက်လက်မြို့နယ် အတွင်းရှိ ဆေးရုံဆေးပေးခန်းများ အခြေအနေ၊ ဆေးရုံတွင် လိုအပ်နေသည့် ဝန်ထမ်း၊ ဆေးဝါးပစ္စည်းနှင့် အဆောက်အဦ အခြေအနေတို့ကို   ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက  လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ထို့နောက် ဒုတိယသမ္မတက ဆေးရုံ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ပြီး ပြည်သူ့ဆေးရုံတိုးချဲ့ (၂)ထပ်ဆောင် ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။

 

(သတင်းစဉ်)

 

1