နေပြည်တော် ၁၇  ဇွန်

 

ဒုတိယသမ္မတဦးမြင့်ဆွေသည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင် Mr. Vuong Dinh Hue ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

 

နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စရပ်များ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊  စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ရေး ကဏ္ဍ၊ ဘဏ်လုပ်ငန်းကဏ္ဍ၊ လုံခြုံရေးကဏ္ဍ အပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

နှစ်နိုင်ငံဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊  ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးလှကျော်၊ ဦးသာဦး၊ ဦးအောင်ထူး၊ ဦးမောင်မောင်ဝင်းနှင့် ဦးစိုးအောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဉက္ကဋ္ဌ ဦးစိုးသိန်း၊ အမြဲတမ်းအတွင်းဝန်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဘက်မှ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)