ရန်ကုန်  ၈   ဒီဇင်ဘာ

 

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ (၃၁)ကြိမ် မြောက်ပုံမှန် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊  လုပ်ငန်းကော်မတီ (၅)ရပ်မှ ဥက္ကဋ္ဌများ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း၊  မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့မှဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ရာ  ယခုဆိုလျှင်သက်တမ်းအားဖြင့် (၃) နှစ်ကျော်ခဲ့ပြီ ဖြစ်ပါကြောင်း၊  ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းကော်မတီ(၅)ရပ်ကိုဖွဲ့စည်းကာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းကော်မတီ(၅)ရပ်အနေဖြင့်   စီးပွားရေးလုပ်ငန်းရှင်များ တွေ့ကြုံနေရသော အခက်အခဲများကို သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင်  ဖြေရှင်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

 

နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတွင်တည်ရှိပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏ တိုးတက်အောင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ဝ၂ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ၏ ကုန်သွယ်မှုပမာဏမှာ  အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၃၂ ဘီလီယံဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၎င်းကုန်သွယ်မှုပမာဏ တွင် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၇၂ ဘီလီယံပါဝင်သည့်အတွက်  ၈၂ ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

 

နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင်ကုန် ပစ္စည်းများကို တားဆီးထိန်းချုပ် ပေးနိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုတွင် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေး အထူးအဖွဲ့များဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ ဖမ်းဆီးအရေးယူမှုပေါင်း ၁၀၆၅ ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဒသမ ၆၄၈၂ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏ တရားမဝင် ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု အခြေအနေညွှန်းကိန်း မြင့်တက်လာမှုနှင့်စပ်လျဉ်း၍ နိုင်ငံအဆင့်၌ ဌာနအချင်းချင်းအကြား ပူးပေါင်းမှုမြှင့်တင်ရန်အတွက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၁၃) ရပ်ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးသည် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့်  တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၁၉)သို့ တက်ရောက်ရန် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း  တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းများသို့ သွားရောက်ပြီး တရားမဝင်ကုန်သွယ်မှုများမရှိစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ တိုးတက်ရရှိစေရန်၊ ပြည်တွင်းရှိ MSME များအား အကာအကွယ်ပေးနိုင်ရန်၊ တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှုများကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန်၊ ဈေးကွက်အတွင်း မှန်ကန်စွာ ယှဉ်ပြိုင်လုပ်ကိုင်နိုင်စေရန်၊ တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရာတွင် ဆုပေးဒဏ်ပေးစနစ်ကို ထိရောက်လျင်မြန်စွာ ကျင့်သုံးဆောင်ရွက်နိုင်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ ကာကွယ်တားဆီး နှိမ်နင်းသွားကြရန် တို့ကို အဓိကထား၍ မှာကြားခဲ့ပါကြောင်း။

 

ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း အစည်းအဝေးသို့ တင်ပြရန်အချိန်မမီသည့် အခက်အခဲများရှိပါက စာဖြင့်ရေးသားပေးပို့တင်ပြနိုင်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့်လည်း တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးလျှက် ရှိပါကြောင်း။

 

ယနေ့ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် အသင်းအဖွဲ့များအနေဖြင့်လည်း ဆွေးနွေးမည့် ကဏ္ဍများနှင့် သက်ဆိုင်သည့်တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့အသင်း အဖွဲ့များ၏ တွေ့ကြုံနေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက်  အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဒေါက်တာမြဟန်၊  ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင် နှင့် အလုပ်အမှုဆောင် ဦးအောင်စိုးမင်းကျော်၊ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမင်းနိုင်စိုး၊   မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးတို့က  သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

 

အကြံပြုတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးကြသည်။

 

ယင်းနောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက  နိဂုံးချုပ်အမှာစကား ပြောကြားပြီး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

(သတင်းစဉ်)