မြိတ် ၆ ဒီဇင်ဘာ
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့တွင် ထားဝယ်ခရိုင် ထားဝယ်မြို့နယ်ရှိ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းတို့အား ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် ၈ နာရီ တွင်လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ရောက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးတင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက မြိတ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးအောင်ထူး၊ ဦးဆက်အောင်နှင့် ဦးကျော်လင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများနှင့်အတူ နံနက် ၈ နာရီခွဲတွင် မြိတ်လေဆိပ်မှ တပ်မတော် ရဟတ်ယာဉ်များဖြင့်ထွက်ခွာလာရာ ထီးခီးနယ်စပ်ကုန် သွယ်ရေးစခန်းသို့ နံနက် ၁၀ နာရီတွင် ရောက်ရှိကြပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းဆိုင်ရာ အချက်အလက်များ၊ ကုန်သွယ်မှုဆိုင်ရာ အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေများ၊ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုအခြေအနေများ၊ တရားမဝင်ကုန်သွယ်မှု လမ်းကြောင်း(၄)ခု၏ အခြေအနေများ၊ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် ကဖြည့်စွက် ဆွေးနွေးပြီး ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကျော်လင်း၊ ဦးဆက်အောင်နှင့် ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန်များ ဖြစ်ကြသည့် ဦးအောင်နိုင်ဦးနှင့် ဦးခင်မောင်ရီတို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က မြန်မာနိုင်ငံ၏ တရားမဝင် ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု အခြေအနေညွှန်းကိန်း မြင့်တက်လာမှုနှင့်စပ်လျဉ်း၍ နိုင်ငံအဆင့်၌ ဌာနအချင်းချင်းအကြား ပူးပေါင်းမှုမြှင့်တင်ရန်အတွက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၁၃) ရပ်ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ တိုးတက် ရရှိစေရန်၊ ပြည်တွင်းရှိ MSME များအား အကာအကွယ်ပေးနိုင်ရန်၊ တရားမဝင်ကုန်သွယ်မှု များကိုဖော်ထုတ်အရေးယူနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှုများကို ကြိုတင် ကာကွယ်တားဆီး နိုင်ရန်နှင့် ဈေးကွက်အတွင်း မှန်ကန်စွာယှဉ်ပြိုင်လုပ်ကိုင်နိ်ုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ လာရောက်ရခြင်း ဖြစ်ပါကြောင်း။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်အလွန် အရေးကြီးပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှ ချမှတ်ထားသည့်မူဝါဒများ အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာကာကွယ်တားဆီးနှိမ်နင်းကြရ မည်ဖြစ် ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် တိုင်းဒေသကြီးနှင့် သင့်လျော် သည့် နည်းဗျူဟာများချမှတ်၍ ဟန်ချက်ညီစွာချိ်တ်ဆက် ပူးပေါင်း ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း၊ Free Trade Zones(FTZs) များနှင့် အထူး စီးပွားရေးဇုန်များ ကို အသုံးချ၍ တရားမဝင်ကုန်သွယ်မှုများ မပြုလုပ်နိုင်ရန် ထိရောက်သည့် နည်းလမ်းများချ မှတ်ကာကွယ်သွားကြရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်း များကို ကာကွယ်ရန်နှင့် ပြည်တွင်းလုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်း စေရေးအတွက် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာအရေးယူ ဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများအတွက်ပေးဆောင်ရမည့် အခွန်အမျိုးအစားများကို လုပ်ငန်းရှင်များ လွယ်ကူစွာ သိရှိနိုင်ရေးနှင့် တရားမဝင်ကုန်စည်များ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှု၏ နိုင်ငံအပေါ် ထိခိုက်မှုများကို အများပြည်သူ သိရှိနားလည်အောင် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်ပပို့ကုန်၊ သွင်းကုန် ဝင်ပေါက်၊ ထွက်ပေါက်များတွင် ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်ညီညွတ်မှန်ကန် ရေးနှင့် လွယ်ကူချောမွေ့လျင်မြန်ရေးအတွက် ကြီးကြပ်ဆောင်ရွက် သွားကြရန်လိုအပ်ပါ ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဈေးကွက်တွင် မျှတစွာယှဉ်ပြိုင်ရပ်တည်နိုင်ရန်နှင့် စားသုံးသူများကို အကာ အကွယ်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွဲ့စည်းထားသည့် တရား မဝင်ကုန်သွယ်မှုများတားဆီး ထိန်းချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်မှုတွင် ဆုပေး၊ ဒဏ်ပေးစနစ်ကို ထိရောက် လျင်မြန်စွာ ကျင့်သုံးဆောင် ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ထီးခီးနယ်စပ်ဂိတ်နှင့် ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းတို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းကို ၂၀၁၁ ခုနှစ် မတ် ၂၇ ရက်မှစတင်၍ နဘုလယ်၌ ယာယီဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေ ၁၁ ရက်တွင် မြန်မာ - ထိုင်းနယ်စပ်ရှိ ထီးခီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ လက်ရှိ ကုန်သွယ်ရေးစခန်းနေရာရုံး အသစ်သို့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ပြောင်းရွှေ့ဖွင့််လှစ်ခဲ့သည်။ ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်းသည် ထားဝယ်မြို့ မှ ၉၇ မိုင် အကွာ တွင်တည်ရှိပြီး နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန်နှင့် ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာရာ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းအနီးရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီရဟတ်ယာဉ်ကွင်းသို့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ရောက်ရှိကြသည်။
ယင်းနောက် ကုမ္ပဏီအစည်းအဝေးခန်းမတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ကကုန်သွယ်ရေးလမ်းကြောင်းအခြေအနေများ၊ ကုန်သွယ်ရေးစခန်းဆိုင်ရာ အချက်အလက်များ၊ နှစ်အလိုက် ပို့ကုန်သွင်းကုန်ဆောင်ရွက်နေမှု အခြေအနေများ၊ တရားမဝင် ကုန်သွယ်မှုလမ်းကြောင်း (၃)ခု၏ အခြေအနေများ၊ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရရှိမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် စီမံချက်ချ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ဖြည့်စွက်ဆွေးနွေးပြီး မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက တရားမဝင်ကုန်သွယ်မှု ဆိုင်ရာကိစ္စရပ်များကို တိုက်ဖျက်သွားကြရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးသည် အလွန်အရေးကြီးပြီး ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများ အနေဖြင့်အောင်မြင်အောင်ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအတွက် ချမှတ်ထားသည့်ရည်ရွယ်ချက်များနှင့် ပေးအပ်ထားသည့်လုပ်ငန်း တာဝန်များကိုစနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကုန် သွယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု စာရင်းကွာဟမှုမရှိစေရေးအတွက် တရားမဝင်ကုန်ပစ္စည်းများကို ထိရောက်စွာ အရေးယူဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် မောတောင်နယ်စပ်စစ်ဆေးရေးဂိတ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် (၁၆) ခုတင်ဆံ့ မောတောင်တိုက်နယ် ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှုခံယူနေကြသူများအား အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်မြို့၌ တည်ရှိပြီး မြိတ်မြို့မှ ၁၁၈ မိုင်ခန့်အကွာတွင်တည်ရှိကာ ၂၀၁၃ ခုနှစ် မေ ၈ ရက်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုစတင်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတ နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်များဖြင့် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြိတ်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)