နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မွန်ပြည်နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်သင့် ပြည်သူများ၊ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၊ သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်
နေပြည်တော်၊ မေ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မေ ၂၀ ရက်မှစ၍ လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ၊ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်တို့ရှိ ရေဘေးသင့် ပြည်သူများ၊ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊ ရေဘေးသင့် ပြည်သူများအား ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေရာချထားမှု၊ ပြည်နယ်အစိုးရနှင့် နယ်မြေခံ တပ်မတော်သားများ၊ လူမှုကူညီရေးအသင်း အဖွဲ့များမှ ရေဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရေကြီးရေလျှံမှုများကြောင့် လမ်း၊ တံတား၊ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့မှုနှင့် ပြုပြင်ပြီးစီးမှု အခြေနေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ ရေဘေးရှောင် ပြည်သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများအား ရှင်းလင်းတင်ပြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာစကား ပြောကြားရာတွင် မေလ ၂၀ ရက်တွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်းငယ်ကြုံတွေ့မှုတွင် ပြည်နယ်အစိုးရ၏ မှန်ကန်သော စုဖွဲ့မှု၊ ကောင်းမွန်သည့် ဇာတ်တိုက်လေ့ကျင့်မှု၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၄ နာရီအတွင်း ဖြစ်ပေါ်ခဲ့သည့် ပြဿာနာအခက်အခဲများကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် သဘာဝဘေးအန္တရာယ်အပေါ် ပြည်နယ်အစိုးရ၏ ဖြေရှင်းဆောင်ရွက်မှုကို မျက်မြင်ကြည့်ရှု၍ လိုအပ်သည်များ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် ဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသခံပြည်သူများအား အားပေးစောင့်ရှောက်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများနှင့် Video conferencing ဖြင့် တွေ့ဆုံ၍ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မုန်တိုင်းအန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင် ၅ မျိုးဖြင့် သတိပေးစနစ်ကို အဆင့်လိုက် ကြိုတင်သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ကြောင်း၊ သိရှိပြီးဖြစ်သော်လည်း ပိုမိုဂရုပြုမိစေရန် ရှင်းပြလိုကြောင်း၊ အဝါရောင်အဆင့်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်နေပြီး မုန်တိုင်း၏အခြေအနေကို သတိထားနိုင်ရန်နှင့် ပင်လယ်တွင် အလုပ်သွားရောက် လုပ်ကိုင်သည့် ရေလုပ်သားများအား သတိပေးရန်ဖြစ်ကြောင်း၊ လိမ္မော်ရောင်အဆင့်သည် ကမ်းရိုးတန်းသို့ ဦးတည်နေပြီး မုန်တိုင်းသည် မိမိနေထိုင်ရာ ဒေသသို့ ဦးတည် ရွှေ့လျားသည်ဟု သတင်းရရှိပါက မုန်တိုင်း၏ ပြောင်းလဲမှုကို အထူးသတိထား စောင့်ကြည့်နိုင်ရန်ဖြစ်ကြောင်း၊ အနီရောင်အဆင့်သည် ကမ်းရိုးတန်းသို့ ၁၂ နာရီ နောက်ပိုင်း မုန်တိုင်းရောက်ရှိလာမည်ဖြစ်ပြီး အန္တရာယ်ရှိနိုင်သဖြင့် လုံခြုံစိတ်ချရသည့် နေရာများသို့ ပြောင်းရွှေ့နေရာယူရန်ဖြစ်ကြောင်း၊ အညိုရောင်သည် မုန်တိုင်းအန္တရာယ် ကျရောက်နေချိန်ဖြစ်ပြီး လုံခြုံစိတ်ချရသည့် နေရာတွင် ခိုလှုံပြီးစီးရန်ဖြစ်ကြောင်း၊ အစိမ်းရောင်အဆင့်သည် မုန်တိုင်းအားပျော့ ပျက်ပြယ်သွားပြီးဖြစ်ပြီး မိမိတို့၏ နေအိမ်များသို့ ပြန်နိုင်သော အခြေအနေဖြစ်ကြောင်း၊ သတိပေးစနစ် အဆင့်အတန်းခွဲခြားထားသည့် အရောင်အညွှန်းများကို ပြည်သူများသိရှိနားလည်းရန်အတွက် ပညာပေးရန် လိုအပ်သလို လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်လျှင် ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက်အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီများဖွဲ့စည်း၍ စီမံချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံချက်များရေးဆွဲရာတွင် နာဂစ်ဆိုင်ကလုံးမုန်တိုင်း၊ ဂီရိမုန်တိုင်း၊ တာလေငလျင်၊ ကလေး-ကလေးဝမြို့ မြစ်သားမြစ်နှင့် နေရဉ္စရာမြစ်ရေကြီးရေလျှံမှုစသည့် အတွေ့အကြုံများကို အခြေခံ၍ ရေးဆွဲထားပြီး ဒေသအလိုက်ဖြစ်ပေါ်တတ်သည့် မီးဘေး၊ ရေဘေး၊ လေဘေး စသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကို ထည့်သွင်းရေးဆွဲထားခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဟူသည် တားဆီးရန်မဖြစ်နိုင်သဖြင့် မဖြစ်မီက ကြိုတင်ပြင်ဆင်စုဖွဲ့ထားခြင်း၊ ဇာတ်တိုက်လေ့ကျင့်ထားခြင်းနှင့် ဖြစ်ပေါ်လာပါက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ ဖြစ်ပွားပြီးပါကလည်း နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများအတွက် ကြိုတင်မျှော်တွေး၍ ပြင်ဆင်ထားရန် လိုကြောင်း၊ ဉပမာအနေဖြင့် မုန်တိုင်းနှင့်အတူ ထူးကဲဒီရေတက်ခြင်း ဖြစ်ပေါ်တတ်ပြီး ရေကျချိန်တွင် အညစ်အကြေးများ ကျန်ရှိခြင်း၊ မှက်၊ ခြင်၊ ယင်များမှ တဆင့် ကူးစက်ရောဂါများ ဖြစ်ပေါ်တတ်ခြင်း၊ မသန့်ရှင်းသည့်ရေကြောင့် ရောဂါဖြစ်စေခြင်းတို့ ရှိလာနိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်သည် မိမိတို့တစ်နိုင်ငံတည်းသာလျှင် ခံစားနေရခြင်းမဟုတ်ကြောင်း၊ ကမ္ဘာနှင့်အဝှမ်း နိုင်ငံအသီးသီးတွင် ပုံသဏ္ဍန်အမျိုးမျိုးဖြင့် ဖြစ်ပွားလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်တို့ ဖြစ်ပေါ်ရခြင်း အကြောင်းတစ်ချက်အနေဖြင့် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အလွန်အကျွံ ထုတ်လွှင့်မှုများကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ဖန်လုံအိမ်နိယာမအရ အိုဇုံလွှာများ ပေါက်ပြဲခြင်းမှတစ်ဆင့် ကမ္ဘာကြီး၏ပူနွေးမှု အရှိန်မြင့်တက်စေကာ ရာသီဉတု ပြောင်းလဲဖောက်ပြန်မှုများ ဖြစ်ပေါ်၍ နောက်ဆက်တွဲအဖြစ် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကျရောက်စေခြင်းဖြစ်ကြောင်း၊ Climate Change နှင့်ပတ်သက်၍ နိုင်ငံကြီးများ၏ ခေါင်းဆောင်များအနေဖြင့် အကောင်းဆုံး ကျော်လွှားနိုင်ရန် ငြင်းခုန်ဆွေးနွေး အဖြေရှာနေကြဆဲဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝတရားအရ တားဆီးရန်၊ ရပ်တန့်ရန် မဖြစ်နိုင်သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်မှာ ကြိုတင်ပြင်ဆင်ခြင်း၊ ကာကွယ်တားဆီးခြင်း၊ အသိပညာပေးခြင်း၊ ဇတ်တိုက်လေ့ကျင့်ခြင်း၊ ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက စီမံချက်အတိုင်း လုပ်ဆောင်ခြင်းနှင့် နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ လုပ်ဆောင်ခြင်းပင် ဖြစ်ကြောင်း၊ ကြိုတင်သတ်မှတ်၍မရဘဲ တားဆီးရန်ခက်ခဲသော သဘာဝဘေး အန္တရာယ်များကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၊ ပြည်သူလူတု၊ အထောက်အကူအဖွဲ့များ၊ ပရဟိတအဖွဲ့များ အားလုံးပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း က မွန်ပြည်နယ်အတွင်း သဘာဝဘေးသင့် ပြည်သူများအား ဆန်နှင့် အိမ်ဆောက်ပစ္စည်းများ၊ ထောက်ပံ့ငွေများအားလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက မွန်ပြည်နယ်ရှိ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများကို လည်းကောင်း ပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က သဘာဝဘေးသင့် ပြည်သူများအတွက် ဆန်၊ အိမ်ဆောက်ပစ္စည်းများ၊ ထောက်ပံ့ငွေများ၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများအား ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး သဘာဝဘေး ထိခိုက်သူများကိုယ်စား ချောင်းဆုံမြို့နယ်၊ ဆယ်ပလာကျေးရွာမှ ဦးမောင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယနေ့တွင် မွန်ပြည်နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ထိခိုက်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများ၊ ထောက်ပံ့ငွေများ အပါအဝင် ထောက်ပံ့ပေးအပ်ခဲ့သည့် တန်ဖိုးမှာစုစုပေါင်း ငွေကျပ် သိန်းပေါင်း ၄၀၀ ကျော်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် သဘာဝဘေးအန္တရာယ် ထိခိုက်ခဲ့သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားများ ပြောကြားပြီး အသင့်ပြင်ဆင်စုဖွဲ့ထားရှိသော ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ယာဉ်၊ ယန္တရားများအား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယ ဉက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ကျောက်မီးသွေးလမ်းဆုံ၊ တောင်ဝိုင်းနှင့် ကန်ညီနောင် နေရာများသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့် ရှုကြသည်။
ယင်းနောက် မော်လမြိုင်မြို့၊ ဖက်ခင်းလမ်းနှင့် တောင်ဝိုင်းလမ်းများတွင် ရေကြီးရေလျှံမှုများ လျှော့ချနိုင်ရန်အတွက် ဟောင်သရောမြစ်နှင့် အတ္တရံမြစ်မြစ်ဆုံရာ နေရာများရှိ လုပ်ငန်းဆောင်ရွက် ပြီးစီးသည့်နေရာများနှင့် ဆောင်ရွက်ဆဲနေရာများသို့ ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေနေများကို ရှင်းလင်းတင်ပြကြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။