နေပြည်တော် ၇ ဖေဖော်ဝါရီ 

အိန္ဒိယသမ္မတနိုင်ငံ၌ ရောက်ရှိနေသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat တို့သည် ယမန်နေ့နံနက်ပိုင်းတွင် (၁၁) ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းများ ပြပွဲ (DefExpo India-2020) ကျင်းပသည့် ဧရိယာရှိ အိန္ဒိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ယာယီဧည့်ခန်းဆောင်၌ တွေ့ဆုံကြသည်။

 

တွေ့ဆုံစဉ် တပ်မတော် နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုတိုးတက် ခိုင်မာလာစေရေးအတွက် မြှင့်တင်ဆောင်ရွက်ရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအား ပိုမိုတိုးမြှင့် ဆောင်ရွက်သွားကြရန်နှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်  ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် DefExpo India - 2020 ပြပွဲတွင် ဖွင့်လှစ်ပြသထားသည့် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်း (DRDO) ၏ တီထွင်စမ်းသပ် ထုတ်လုပ်ထားသည့် ကာကွယ်ရေးပစ္စည်းများ၊ အိန္ဒိယနိုင်ငံ ပုဂ္ဂလိက ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် အဖွဲ့အစည်းများက ခင်းကျင်းပြသသည့် ကာကွယ်ရေးပစ္စည်းများ အပါအဝင် ပြည်ပနိုင်ငံအသီးသီးမှ ပြပွဲတွင် လာရောက်ခင်းကျင်းပြသသည့် ကာကွယ်ရေးပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။

 

ယင်းနောက် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယကြည်းတပ်၊ အလယ်ပိုင်း တပ်တော်ကွပ်ကဲမှုဌာနချုပ်၏ သက်သာချောင်ချိရေးအရောင်းဆိုင် Canteen  ကို သွားရောက်ကြည့်ရှု လေ့လာရာ Canteen ၏ Chairman Colonel AVS Pawan Kumar က လုပ်ငန်းလည်ပတ် ဆောင်ရွက်မှုများနှင့် အရောင်းဆိုင်ခန်းများကို လိုက်လံ ရှင်းလင်းပြသသည်။

 

mdn

 

အဆိုပါ သက်သာချောင်ချိရေး အရောင်းဆိုင်များတွင် အိန္ဒိယတပ်မတော်၏ တပ်မတော်အရာရှိ/ စစ်သည်များ၊ မိသားစုဝင်များနှင့် တပ်မတော်မှ အငြိမ်းစားယူထားသည့် တပ်မတော်သားဟောင်းများအတွက် အိမ်သုံး အီလက်ထရောနစ်ပစ္စည်းများ၊ ကလေးပစ္စည်းများ၊ အဝတ်အထည်များ၊ စားသောက်ကုန်များ၊ အဖျော်ယမကာများ စသည့် အခြေခံ လူသုံးကုန်ပစ္စည်းများအား ပြည်တွင်းထုတ် ကုမ္ပဏီများမှ တိုက်ရိုက်ရယူ တင်/ရောင်းစနစ်ဖြင့် ရာထူးအဆင့်အလိုက် သတ်မှတ် အရေအတွက်အတိုင်း ရောင်းချပေးခြင်းဖြစ်ရာ ပြင်ပပေါက်ဈေးထက်ပို၍ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် စီစဉ်ပေးထားသည်။ သက်သာချောင်ချိရေး အရောင်းဆိုင်များသည် အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံး တပ်ဌာနချုပ်ကြီးများတွင် ဆိုင်ခွဲပေါင်း ၃၉ဝ၁ ဆိုင်ရှိပြီး ဝယ်ယူစားသုံးသူ ၁၂ သန်းခန့်အား ကုန်ပစ္စည်း အမျိုးပေါင်း ၅၃ဝဝ ခန့် ရောင်းချပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏  သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)