နေပြည်တော်  မေ ၁၅

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၃/၂၀၂၃)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ဒုတိယဦးစီးမှူးများသည် မြို့နယ်၌ ဦးစီးအရာရှိကို တာဝန်ခံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း၊ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ရသည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ရသည့် လုပ်ငန်းပမာဏ အင်မတန်များပြားလှကြောင်း၊ သင်တန်းသား များအနေနှင့် မြို့နယ်တာဝန်ခံဖြစ်သည့် ဦးစီးအရာရှိတစ်ဦး ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များကို သိရှိထားရန်လိုသကဲ့သို့  လုပ်ငန်းများဆောင်ရွက်ရာ၌လည်း မိမိအထက်အရာရှိနှင့် မိမိဌာနကို အထောက် အကူပြုနိုင်ရန် လေ့လာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

ကော်မရှင်အနေနှင့် ရွေးကောက်ပွဲကျင်းပရာတွင်  လွတ်လပ်ပြီးတရားမျှတသည့် ‌ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ရကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကို ကြီးကြပ်ရသကဲ့သို့ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုလည်း ဥပဒေနှင့် အညီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြီးကြပ်‌ဆောင်ရွက်ရကြောင်း။

 

ကော်မရှင်အနေနှင့် ရွေးကောက်ပွဲကျင်းပသည့်အချိန်မှသာ လုပ်ငန်းများဆောင်ရွက်ရခြင်းမျိုး မဟုတ်ဘဲ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ နှောင်းပိုင်းကာလဆိုသည့် ကာလသုံးခုလုံး၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာဖြင့် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ကျေညက်အောင် လေ့လာမှတ်သား ကြစေလိုကြောင်း၊ ပို့ချသည့်သင်ခန်းစာများကိုလည်း အလေးအနက်ထား လေ့လာသင်ယူကြရန် မှာကြား လိုကြောင်း။

 

သင်တန်းသားများအနေနှင့် ရွေးကောက်ပွဲကျင်းပသည့်အခါ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ PR စနစ်နှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရုံးလုပ်ငန်း ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်အောင် သင်တန်းကပို့ချသည့် သင်ခန်းစာများကို ဂရုတစိုက် လေ့လာမှတ်သားကြစေလိုကြောင်း၊ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံးချမ်းမြေ့ပြီး ကျန်းမာကြံ့ခိုင်သည့် အရည်အချင်းရှိသော ဝန်ထမ်းကောင်းများဖြစ်စေရေး ကျင့်ကြံကြိုးစားကြစေလိုကြောင်း၊  ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ပြီး ဌာနအတွက် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် လူတော်လူ ကောင်းများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် သင်တန်းသားတစ်ဦးချင်းစီအလိုက် ကိုယ်ရေးအချက်အလက်များကို တင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်း သူ (၅၂) ဦးတို့ တက်ရောက်ကြပြီး သင်တန်းကို မေ ၁၅ ရက်မှ ဇွန် ၁၆ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။                                                                   

(သတင်းစဉ်)