နေပြည်တော်  ၂၄   အောက်တိုဘာ

 

၂၀၁၉-၂၀၂၀ ခုနှစ်၊ သုတေသနလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးလှကျော် က နိုင်ငံသားအားလုံးပါဝင်နိုင်ပြီး တီထွင်ဆန်းသစ်မှုနှင့် ကြိုးပမ်းအားထုတ်မှုများဖြင့် တိုးတက်မှု ရလဒ်ကောင်းများ အစဉ်အဆက် ရယူထိန်းသိမ်းနိုင်မည့် စီးပွားရေးစနစ်တစ်ခု အဖြစ်ထူထောင်ရန် မိမိတို့ ရည်ရွယ်ကြိုးပမ်းလျက်ရှိရာ သီးနှံအရည်အသွေးနှင့် စားသုံးသူဘေးကင်းလုံခြုံစိတ်ချရေးကို အခြေခံသော တောင်သူများ အကျိုးအမြတ် ပိုမိုရရှိရေးနှင့် စျေးကွက် အလားအလာကောင်းရရှိမှု စားသုံးသူ ကြိုက်နှစ်သက်မှုအပါအဝင် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ် စေမည့်မျိုးနှင့် နည်းပညာများ ပြောင်းလဲပံ့ပိုးပေးနိုင်မည့် သုတေသနများ တိုးချဲ့ လုပ်ဆောင်သွား ရန်လိုကြောင်း။

 

သုတေသနလုပ်ငန်းများ တိုးတက်လာခြင်းသည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ပေးနိုင်မည့် အခြေခံအချက်တစ်ချက်ဖြစ်သည်ကို နှလုံးမူပြီး သုတေသနပညာရှင်များက ပိုမိုအားထုတ်ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာ နိုင်ကြည်ဝင်းက ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများအား  တင်ပြဆွေးနွေးသည်။

 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ရေ၊ မြေဒေသ အထူးသဖြင့် တောင်တန်းဒေသနှင့် သင့်တော်သည့်  စိုက်ပျိုးနည်းစနစ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသားနှင့် ငါးကဏ္ဍ၊ သမဝါယမကဏ္ဍတို့အား ဆွေးနွေး တင်ပြသည်။

 

ယင်းနောက် သက်ဆိုင်ရာ သုတေသနပညာရှင်များက လက်ဆင့်ကမ်းဖြန့်ဝေမည့် မျိုး၊ နည်းပညာသုတေသနများအား တင်ပြဆွေးနွေးခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မည့် သုတေသနလုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

ထို့နောက်  ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ သီးနှံစိုက်ပျိုးနည်းစနစ် သုတေသနဌာနစုရှိ ကောက်စိုက်စက်ကို အသုံးပြု၍ စိုက်ပျိုးဆောင်ရွက်နေမှု၊ စပါးသီးနှံ သုတေသနဌာနစုတွင် သုတေသနပြုဆောင်ရွက်ထားရှိသည့် စပါးမျိုး မွေးမြူရွေးချယ်ခြင်း စမ်းသပ်ကွက်များအား ကြည့်ရှုစစ်ဆေးရာ သုတေသနပညာရှင်များက ဗီဇအချက်အလက် နည်းပညာများကို အသုံးပြုပြီး မြန်မာနိုင်ငံ၏ ဆန်စပါး မျိုးမွေးမြူရွေးချယ်ရေး ကဏ္ဍမြှင့်တင်ခြင်း စီမံကိန်း၏ သုတေသနလုပ်ငန်းအဖြစ် ပေါ်ဆန်းမွှေး၊ အင်းမရဲဘော်၊ မုဆိုးမကြွေးကြေ အစရှိသော မြန်မာစပါးမျိုးများအား သက်တမ်းတို အထွက်ကောင်းကာ ပိုးမွှားရောဂါဒဏ်ခံနိုင်သော ဗီဇများထည့်သွင်း၍ မျိုးကူးစပ်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)