နေပြည်တော် မတ် ၂၂
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက် ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ် (၁) နှင့် တပ်ဖွဲ့/ ဦးစီးဌာနများမှ အရာရှိကြီးများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာမိုးခိုင်နှင့် ဆေးရုံတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြသည်။
စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်း အင်အား (၁၁၃၀) တို့နှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းအင်အား (၁၀၀) စုစုပေါင်းအင်အား (၁,၂၃၀) တို့က ဆေးရုံကြီးဝင်း အတွင်း/ အပြင်သန့်ရှင်း သာယာလှပရေးအတွက်ဆောင်ရွက်ခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများကို စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်