နေပြည်တော် နိုဝင်ဘာ ၅

 

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ် ဆေးသည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၁ ရက်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် သထုံမြို့နယ်၊ မရမ်းကုန်း-ထိန်ပင်လမ်း (ဘူဒင်းချောင်-ထိန်ပင်လမ်းပိုင်း) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို လည်းကောင်း၊ နိုဝင်ဘာ ၂ ရက်တွင် ရေးမြို့နယ်၊ ချောင်းတောင် ကျေးရွာအထကခွဲ RC ၂ ထပ် ကျောင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကဗျာဝ-တရုတ်ထောက် ပင်လယ်ကမ်းခြေပတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ နိုဝင်ဘာ ၃ ရက်တွင် ကျိုက်မရောမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် မဟာဖားဘောင်လှိုင် ဂူတော်အဝင်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် လမ်းတာပေါင် အကာအကွယ်နံရံတည်ဆောက်ခြင်းလုပ်ငန်း၊ အံကစင်-မွန်စု-ကော့ခလိန်  ကတ္တရာခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ နိုဝင်ဘာ ၄ ရက်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသရှိ သစ္စာအေးမြိုင်ကျေးရွာအတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် ကတ္တရာလမ်း ပေ ၆၀၀၀ ခင်းခြင်းလုပ်ငန်းနှင့် ၂၀၂၁-၂၀၂၂ (၆ လ) ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ်၊ ရင်းဘိုင်ချောင်းကူး ပေ ၁၄၀ RC တံတား တည်ဆောက်မည့် လုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း အမှန်တကယ် ဆောင်ရွက်ပေးရန် လိုအပ်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများ လျာထားဆောင်ရွက်သွားရေး၊ လမ်းတံတားလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးရေးနှင့် ရေရှည်ကောင်းမွန်စေရန်  ဆောင်ရွက်သွားရေးမှာကြားသည်။

 

ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ သထုံခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ကျိုက်ထို၊ ဘီးလင်း၊ ရေး၊ သံဖြူဇရပ်၊ ကျိုက်မရောနှင့် ဘားအံမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးများ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ သထုံ၊ ရေးနှင့် ဘားအံမြို့များရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းများ၊ မုဒုံ၊ ရေး၊ ဘားအံနှင့် မြိုင်ကြီးငူမြို့ များရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများကို သွားရောက်စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများကို  တွေ့ဆုံ၍လိုအပ်သည်များမှာကြားခဲ့သည်။

(သတင်းစဉ်)