နေပြည်တော် ဖေဖော်ဝါရီ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီ ၃၁ ရက်က နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပူတာအို)နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပူတာအို)သို့ ရောက်ရှိပြီး သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားကာ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာနှင့် ကျောင်းအတွင်း တည်ဆောက်နေသော တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ဆက်လက်၍ ဟိုခိုဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ စသည့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်လှူဒါန်းပြီး ကျောင်းဝင်းအတွင်း ဆောက်လုပ်နေသည့် RC ၁ ထပ် ထမင်းစားဆောင် ဆောက်လုပ်နေမှုနှင့် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဖေဖော်ဝါရီ ၁ ရက်က ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဖောက်လုပ်နေသည့် ပူတာအိုခရိုင်၊ မဂွေဇ - ခေါင်လန်ဖူးလမ်း စီမံကိန်းသို့ သွားရောက်ပြီး စီမံကိန်းလမ်းပိုင်းတလျှောက် ဆောင်ရွက် လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ကျောက်ချောခင်းခြင်း၊ ရေကျော်တည်ဆောက်ခြင်း၊ Box Culvert တည်ဆောက်ခြင်း၊ အဆောက်အဦပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအရည် အသွေးပြည့်ဝစွာဖြင့် အချိန်မီပြီးစီးရေးတို့ကို မှာကြားသည်။
ဖေဖော်ဝါရီ ၃ ရက်က ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခေါင်လန်ဖူးမြို့ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မြို့ပတ်လမ်းနှင့် မြို့အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ခေါင်လန်ဖူးမြို့ ဘုန်းတော်ကြီးကျောင်းရေအားလျှပ်စစ်(တာဘိုင်)အတွက် မီးကြိုး များ ပေးအပ်လှူဒါန်းပြီး ခေါင်လန်ဖူး - ဆရမ်ဖာလမ်းပိုင်းတစ်လျှောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ မှာကြားသည်။
ဖေဖော်ဝါရီ ၅ ရက်က ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုမြို့သမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ စေတီတော် ပရဝုဏ်အတွင်း လျှပ်စစ်မီးများ ပြန်လည် ပြုပြင် နိုင်ရေး အလှူငွေပေးအပ်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ (သတင်းစဉ်)