ကရင် ဇူလိုင် ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ်၊ ဒုတိယကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြများ၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် လေ့ကျင့်သင်ကြား ပေးလျက်ရှိသည့် ပညာရပ်များကို ကြိုးစားလေ့လာ သင်ယူသွားကြရန်နှင့် ကိုယ်ပိုင်အသက်မွေးဝမ်း ကျောင်းနိုင်သည်အထိ ကြိုးစားလေ့လာ သင်ယူသွားကြရန်မှာကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် သင်တန်းခန်းမ၌ သင်တန်းသူများ၏ လက်တွေ့လေ့ကျင့် သင်ကြားနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လှိုင်းဘွဲမြို့နယ် ရင်းဘိုင်း၊ ကူးဆိပ် - ငှက်ပျောတော - ထီးစထ - ရှမ်းရွာသစ်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် မြိုင်ကြီးငူ နန်းဦးဘေးမဲ့ တောရကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဒုတိယမြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တဉာဏိကအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ 
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင် (EFI) သင်တန်းများတွင် ဘာသာရပ်အလိုက် သင်ခန်းစာ လက်တွေ့လေ့ကျင့် သင်ကြားနေမှုနှင့် သင်တန်းများ၏ နေထိုင်စားသောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ 
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဘားအံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးမှူးရုံး၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ဘားအံ) နှင့် လူငယ်သင်တန်းကျောင်း (ဘားအံ) တို့သို့ သွားရောက်၍ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်