နေပြည်တော် သြဂုတ် ၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းတို့သည် ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ အရှေ့တောင်ဘက် ၉ မိုင်ခန့်အကွာ မြသုခကျေးရွာအနီး မြန်မာပြည်အလယ်ဗဟိုချက် အနောက်ပြက္ခရွေတောင်ရှိ အနော်ရထာမင်းကြီး တည်ထားခဲ့သော ပဥ္စမစွယ်တော်ရှင် စေတီတော် ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို သွားရောက်ဖူးမြော် ကြည့်ရှုစစ်ဆေးသည်။
စေတီတော်ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို မိတ္ထီလာမြို့၊ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တလာဘာဝသ ရေလည်ဆရာတော်ဘုရားကြီးနှင့် နေပြည်တော်၊ ပျဉ်းမနားမြို့ ၊ မင်္ဂလာဇေယျုံ ပါဠိကျောင်းတိုက်၊ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တတိမလဗုဒ္ဓိတို့ လိုက်ပါ၍ သာသနာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ ဆောင်ရွက်တော်မူကြရာ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မြစ်သားမြို့နယ်၊ မြသုခကျေးရွာအနီး အနောက်ပြက္ခရွေတောင်ပေါ်ရှိ ပဥ္စမစွယ်တော်ရှင် စေတီတော်သို့ ဖောက်လုပ်ထားရှိသည့် တောင်တက်မြေသားလမ်း ၄ မိုင် ပြီးစီးမှုနှင့် ရာသီမရွေး သွားလာနိုင်သည့် အမာခံလမ်းအဖြစ် ဆက်လက်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပျော်ဘွယ်မြို့၊ ဝေဘူလသာယာကုန်းကျောင်းတိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတိဿကုမာရ ဆရာတော်ဘုရားကြီးထံ သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


