ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ၂၃ ဒီဇင်ဘာ

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဘိန်းစိုက်ပျိုးသည့် (၅၁)မြို့နယ်အတွင်းရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့ရှိ ကျေးရွာ (၄)အုပ်စု၌ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ အစားထိုးဖွံ့ဖြိုးရေး ရှေ့ပြေး စီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အဖွဲ့က ဆောင်ရွက်လျက်ရှိသည့် ရှေ့ပြေးစီမံကိန်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်ဆန်းစစ်သုံးသပ်တင်ပြကြရန်၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ ရန်ပုံငွေသုံးစွဲမှုများ၊ အသေးစားလူထုအခြေပြု ပညာပေး လုပ်ငန်းများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များက ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှု နှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။

အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် အစားထိုး ဖွံ့ဖြိုးရေးဆိုင်ရာ ရှေ့ပြေးစီမံကိန်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ နှင့်ပူးပေါင်း၍ ပင်လောင်းမြို့နယ် နောင်တရားဒေသအတွင်းရှိ ပေါ့အင်၊ မွေးပြင်၊ ပင်ခင်နှင့် လွယ်မော ကျေးရွာအုပ်စု (၄)ခုတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတား၊ ရေရရှိရေး၊ မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ EXIM BANK ချေးငွေလုပ်ငန်းနှင့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ခြင်း လုပ်ငန်းများအတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် ငွေကျပ် သန်း ၁၉၉၂ ဒသမ ၂၇၆၂ ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ငွေကျပ် သန်း ၄၆၆ ဒသမ ၄၁၀၅ နှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ(၁၂)လတွင် ငွေကျပ် သန်း ၂၁၂၆ ဒသမ ၂၈၄ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း ၃၂၃၅ ဒသမ ၃၀၈ လျာထား၍ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)