ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်  မဂွေဇ- ခေါင်လန်ဖူးလမ်း ဖောက်လုပ်နေမှုကြည့်ရှုစစ်ဆေး

နေပြည်တော်   ၂   ဒီဇင်ဘာ 

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရှိန် အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မ‌ဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄) မိုင် ဖောက်လုပ်ရေးလုပ်ငန်းခွင်၌ လုပ်ငန်းအဖွဲ့(၂)ဖွဲ့ခွဲ၍ အပြီးသတ်ဆောင်ရွက်လျက်ရှိသောမြေလမ်း (၅၂)မိုင်အနက် ကျောက်လမ်း (၃၄)မိုင်နှင့် တံတား(၁၉)စင်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် လမ်းဖောက်လုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီးက လုပ်ငန်းများ ဆောလျင်စွာပြီးစီးရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး မိုးရာသီ ကာလအတွင်း သဘာဝဘေးဒဏ် ရေတိုက်စားမှုများကြောင့် ပြန်လည်ပြင်ဆင်ရန် လိုအပ် သောလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေး၍ စီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဒေသခံများကို ထောက်ပံ့ပစ္စည်းများပေးအပ်သည်။ 

ယင်းနောက် ဒုတိယဝန်ကြီးသည် မဂွေဇမှ မိုင် (၄၀) အပြီးသတ် ဆက်လက်ဆောင်ရွက် လျက်ရှိသည့် လမ်းအူကြောင်းနှင့် တံတား/ရေပြွန်နေရာများကို ကြည့်ရူစစ်ဆေးသည်။ 

မဂွေဇ-ခေါင်လန်ဖူး (၆၅/၄) မိုင်အားဆောလျင်စွာပြီးစီးရေးအတွက်မဂွေဇမှ ရီဒမ်းအထိနှင့် ခေါင်လန်ဖူးမှရီဒမ်းအထိ အဖွဲ့နှစ်ဖွဲ့ခွဲ၍ တစ်ပြိုင်တည်းဖောက်လုပ် ဆောင်ရွက်လျက်ရှိပြီး တပ်မတော် ရဟတ်ယာဉ်ဖြင့် ခေါင်လန်ဖူးသို့ ပို့ဆောင်ခဲ့သော စက်ယန္တရား နှစ်စီးဖြင့် ခေါင်လန်ဖူးမြို့မှ ယခုအခါ တစ်ကြောင်းထိုး မြေလမ်း(၁၂)မိုင် ဖောက်လုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ဝန်ထမ်း များ၊ ကျောင်းသူကျောင်းသားများနှင့် သင်တန်းသူများကို တွေ့ဆုံမှာကြားပြီး ကျောင်းဝင်းအတွင်း နှင့် တည်ဆောက်ရေးလုပ်ငန်းများကို  ကြည့်ရှုစစ်ဆေးခဲ့သည်။ 

 (သတင်းစဉ်)