ရန်ကုန် ၂၇ ဒီဇင်ဘာ

 

စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၇၃)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၆)၊ စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ်(၁၀၆) သင်တန်းများဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းများ၌ ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီးနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတာဝန်များကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် အဆင့်မြင့်အုပ်ချုပ်မှု၊ အမှုဆောင်အရာရှိမွမ်းမံ၊ အဆင့်မြင့်အရာထမ်းများ ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းအထူး၊ စီမံခန့်ခွဲရေး၊ စာရေးဝန်ထမ်း၊ အဆင့်မြင့် အင်ဂျင်နီယာ၊ အခြေခံအင်ဂျင်နီယာ အစရှိသည့်  သင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ် လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။

 

ယနေ့ကျင်းပသည့် သင်တန်းဆင်းပွဲများ၌ ဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၂၂) ဦးတို့ကို အောက်တိုဘာ ၇  ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ သင်တန်းကာလ ရက်သတ္တပတ် (၁၂) ပတ်ကြာ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်