နေပြည်တော်၊ သြဂုတ် ၃

 

ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap မြို့၌ ဇူလိုင် ၂၂ မှ ၂၆ ရက်ထိ ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် ASEAN+3 Junior Science Odyssey ပြိုင်ပွဲဆုရ ကျောင်းသားများ ဂုဏ်ပြုဆုချီး မြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက HRD Center စုဝေးခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတို့မှ ကျောင်းသားများက ယခုလိုနိုင်ငံတကာကျောင်းသားများနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်ဆုများကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်သည်ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများမှ တန်ဖိုးမြင့် MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်သူများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

 

ကျောင်းအုပ်ကြီးများကလည်း ကျောင်းသားလူငယ်များကို သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု စွမ်းရည်များကို အားပေးမြှင့်တင်နိုင်ရေး မဟာဗျူဟာစီမံကိန်းနှင့်အညီ ဝန်းကျင် ကောင်းများကို ဖော်ဆောင်ပေးကာ စနစ်တကျ ပျိုးထောင်ပေးရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် Pitching Group Project ပြိုင်ပွဲတွင် Gold Prize ဆုကို ရရှိခဲ့သော စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပျဉ်းမနား) မှ ပထမနှစ်၊ စက်မှုကျောင်းသား မောင်ရဲရင့်အောင်က နိုင်ငံတော်က ပံ့ပိုးပေးမှုများ၊ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုများ၊ Siem Reap မြို့တွင် လေ့လာရေး သွားရောက်မှုနှင့် အတွေ့အကြုံများ၊ နိုင်ငံတကာမှ ကျောင်းသားများနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ “Fashion’s Dirty Laundry: The Environmental Impact of the Clothing industry and Eco-friendly Alternatives” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့မှုများကို ရှင်းလင်းတင်ပြပြီး ကိုယ်စားလှယ်အဖွဲ့ဝင် ဆရာမတစ်ဉီးက ဖြည့်စွက်တင်ပြရာ ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များ မေးမြန်းမှုများအပေါ် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေခြည်လဲ့လဲ့သိန်းက ဖြည့်စွက်ရှင်းလင်းပြီး ဒုတိယဝန်ကြီး က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဥ်