နေပြည်တော် မတ် ၁၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်း၌ ရန်ကုန်မြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း (ရွာမ)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကျောင်းသားများကို နည်းပညာကျွမ်းကျင်မှုစံနှုန်းများ ပြည့်မီစေရေးအပြင် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်ကောင်းများဖြစ်စေရေး မွေးထုတ်ပေးရန်၊ ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ထိရောက် မြန်ဆန်စွာ အကျိုးပြုမည့် ကာလတိုသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပညာသင်နှစ်အလိုက် ဘာသာရပ်အလိုက် လျှပ်စစ်နည်းပညာသင်တန်း၊ အီလက်ထရွန်းနစ်နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်မှုနည်းပညာသင်တန်း၊ သတ္တုပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်း၊ သုတနည်းပညာသင်တန်းတို့မှ ကျောင်းသားများကျောင်းတွင်း On Job Training ဆိုင်ရာ လက်တွေ့လုပ်ငန်းများကို အုပ်စုဖွဲ့ကာ စိတ်ဝင်စားပျော်ရွှင်စွာ ဆောင်ရွက်နေမှုများနှင့် စာကြည့်တိုက်တွင် နည်းပညာနှင့် သုတ၊ရသစာအုပ်များကို လေ့လာဖတ်ရှုလျက်ရှိကြသော ကျောင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ On Job Trainingလုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့် ကျောင်းသား များထံ ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရတနာဂဟေဆက်နည်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ဂဟေဆက် နည်းပညာသင်တန်းများအလိုက် သင်တန်းသားများ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ ထို့နောက် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ အထောက်အကူပြု ပါဝင်ဆောင်ရွက်နိုင်သော မျိုးဆက်သစ်ဂဟေ ဆက်နည်း ပညာရှင်များ ဆက်လက်ပျိုးထောင်ပေးရန်၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားပြီး တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
အဆိုပါ သင်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ယနေ့အချိန်ထိ ဂဟေဆက်ကာလတိုသင်တန်း အမျိုးအစား သုံးမျိုးကို ၁၄ ကြိမ် ဖွင့်လှစ်ခဲ့ရာ ဂဟေဆက်ကျွမ်းကျင် သင်တန်းဆင်း ၁၅၄ ဦး မွေးထုတ်နိုင်ခဲ့ပြီး ၁၂၁ ဦး အလုပ်အကိုင်များ ရရှိခဲ့ပြီး သင်တန်း ပြီးစီးကြောင်းလက်မှတ် (Completion Certificate)နှင့် NSSA ဖြေဆိူမှု အောင်မြင်ပါက NSSA အသိအမှတ်ပြု လက်မှတ်ကိုပါ ရရှိမည်ဖြစ်၍ လက်မှတ်နှစ်ခုရရှိနိုင်သည်။
အဆိုပါ သင်တန်းကျောင်းတွင် အသုံးအများဆုံးသော ဂဟေဆက်အမျိုးအစားများအားလုံးကို သင်ကြားပေးခြင်း၊ ခေတ်မီ Welding Simulator စက်များဖြင့် သင်ကြားပေးခြင်း၊ ပြင်ပလုပ်ငန်းခွင်များနှင့် ကိုက်ညီမှုရှိသော ဂဟေဆက်နည်းပညာရပ်ကို အမှန်တကယ် တတ်မြောက်စေပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အဓိက ထားဆောင်ရွက်တတ်စေသော အလေ့အကျင့်ကောင်းများကို သင်တန်းကျောင်းမှ စနစ်တကျ ပျိုးထောင်သင်ကြား ပေးခြင်း၊ အခမဲ့သင်တန်းများဖြစ်သည့်အပြင် ဆက်စပ်အဖွဲ့အစည်းများထံမှ သင်တန်းသားများအား လစဉ် ထောက်ပံ့ငွေများနှင့် On Job Training ဆိုင်ရာ ထောက်ပံ့ငွေများပေးသည့် အစီအစဉ်များရှိခြင်း စသည်တို့ကြောင့် ဂဟေဆက်နည်းပညာကို အမှန်တကယ် တတ်မြောက်လိုပြီး အလုပ်အကိုင်များရရှိလိုသည့် လူငယ်များ တတ်ရောက် သင့်သည့် သင်တန်းကျောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)