နေပြည်တော် ဇွန် ၇

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က တနင်္သာရီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်နှင့်အတူ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများနှင့် ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်မည့် အသေးစားရေအားလျှပ်စစ် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိသည့် နေရာများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ နံနက်ပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိခဲ့ပြီး ရုံးဝင်းအတွင်းမှ စက်တပ်ဆင်အင်အား ၅၀၀ ကေဗွီအေ ဒီဇယ်ဂျင်နရေတာ (၂)လုံးနှင့် ၂၅၀ ကေဗွီအေ ဒီဇယ်ဂျင်နရေတာ (၁)လုံးတို့ဖြင့် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဤဒေသတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် ကာလရှည်ကြာ အဓိကသုံးစွဲလျက်ရှိသည့် ဒီဇယ်ဆီသုံး လျှပ်စစ်ဓာတ်အားပေး စနစ်များသည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်များပြားခြင်းနှင့် အခြားဘေးထွက်ဆိုးကျိုးများ ရှိခြင်းတို့ကြောင့် အဆိုပါစနစ်များ အသုံးပြုမှုကို လျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ပိုမိုမြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းအတွက် လက်ရှိ အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ ရရှိမည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်အပေါ်မူတည်၍ အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ လေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့ကို ပေါင်းစပ်ထုတ်လုပ်သည့် Hybrid Mini-grid စနစ် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း မှာကြားပြီး ဝန်ထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။  

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကတ္တလူကျေးရွာ အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး လိုက်လံကြည့်ရှုစစ်ဆေးသည်။ အဆိုပါ ကတ္တလူ အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် စက်တပ်ဆင်အင်အား (၇၅) ကီလိုဝပ် ဖရန်စစ်တာဘိုင် (၂) လုံးနှင့် (၅၀) ကီလိုဝပ် Cross Flow  တာဘိုင် (၁) လုံးတို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ ၁၁ ကေဗွီ ကောင်းကင်ဓာတ် အားလိုင်းဖြင့် ကျွန်းစုမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိရာ လျှပ်စစ်ဓာတ်အားကို ယခုထက်ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းစုရေလှောင်တမံသို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက လက်ရှိနှင့် အသစ်ထပ်မံတည်ဆောက်မည့် အသေးစားရေအားလျှပ်စစ် စနစ်များဆိုင်ရာ နှိုင်းယှဉ်သုံးသပ်ဆန်းစစ်ရမည့် အချက်များ၊ ရေတိုရေရှည်လုပ်ငန်းစဉ်များနှင့် အခြားလိုအပ်သည်များကို မှာကြားပြီး စူးစမ်းတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ဝန်ထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာလပိုင်းကျေးရွာအနီး ဂျင်းတောင် အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ ရေပို့လွှတ်ပေးနေသော ရေလွှဲဆည်အတွင်း ရေဝင်ရောက်နေမှုအခြေအနေ၊ ရေလွှဲဆည်မှ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရေပို့လွှတ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ကျေးရွာမီးလင်းကော်မတီမှ ဆောင်ရွက်ထားသည့် အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိ တာဘိုင်နှင့်ဂျင်နရေတာတို့မှာ ကတ္တလူအသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးမှ ဂျင်းတောင်စက်ရုံသို့ ပြောင်းရွေ့တပ်ဆင်ထားခြင်းဖြစ်၍ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် ဒေသခံပြည်သူများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ထောက်ပံ့ပေးထားသည့် (၂၅၀) ကေဗွီအေ ဒီဇယ်ဂျင်နရေတာဖြင့်သာ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲလျက်ရှိရာ လက်ရှိချို့ယွင်းလျက်ရှိသည့် အသေးစားရေအားလျှပ်စစ်စနစ်ကို ပြုပြင်၍ ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်