နေပြည်တော် မတ် ၂၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မန္တလေးနည်းပညာတက္ကသိုလ်က အာဆီယံ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ (ASEAN-India Fund) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော မန္တလေးနည်းပညာ တက္ကသိုလ်နှင့် ဟိုချီမင်းမြို့ နည်းပညာတက္ကသိုလ်တို့အကြား သိပ္ပံနှင့်နည်းပညာ သုတေသန ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက Hybrid စနစ်ဖြင့် ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက Video Conferencing ဖြင့် တက်ရောက်ခဲ့သည်။ 

ဦးစွာ  ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဤစီမံကိန်းမှတစ်ဆင့် မြန်မာနှင့်ဗီယက်နမ်နှစ်နိုင်ငံလုံးမှ နည်းပညာ တက္ကသိုလ်များသည် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ရန်၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများအကြား ကွာဟချက်များလျော့ချရန်နှင့် အဓိပ္ပါယ်ပြည့်ဝသော မိတ်ဖက် တည်ဆောက်မှုများကို ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။

ယခင်ရလဒ်နှစ်ခုနည်းတူ ဤဆွေးနွေးပွဲမှတစ်ဆင့် သုတေသနပူးပေါင် ဆောင်ရွက်မှုနှင့် အသိပညာ မျှဝေမှုကို မြှင့်တင်ရန်ဟူသည့် စီမံကိန်းတတိယရလဒ်ကို အကောင်အထည်ဖော်ရန်အတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ကို ဖော်ဆောင်နိုင်ခြင်းဖြစ်ကြောင်း၊ ဆွေးနွေး ညှိနှိုင် မှုများမှတစ်ဆင့် Joint Peer Review Committee ကို တည်ထောင် အကောင်အထည်ဖော်နိုင်ရန် အထောက်အပံ့ကောင်းများ ရရှိနိုင်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ သုတေသန အတွေ့အကြုံကောင်းများအား မျှဝေခြင်းအပြင် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း ဖလှယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းတာဝန်ရှိသူများက သုတေသန ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ၏ ရလဒ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော် နည်းပညာတက္ကသိုလ်မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ ဌာနအလိုက်  လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဆောင်ရွက်လျက်ရှိသည့် သုတေသနများနှင့် ပူးပေါင်းဆောင်ရွက်လိုသည်များကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။ 

သတင်းစဉ်