နေပြည်တော် မတ် ၉

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (Myanmar Rice Federation-MRF) တို့ ပူးပေါင်းကျင်းပသည့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ အရည်အသွေးနှင့် တိကျစွာတိုင်းတာမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (MRF Immersion Day 2025) အခမ်းအနားကို ယမန်နေ့က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ MRF ဥက္ကဋ္ဌ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဆက်စပ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာဒုတိယဝန်ကြီးက နိုင်ငံတကာသို့ ဆန်စပါးတင်ပို့ရာတွင် အလေးချိန်၊ ချိန်တွယ် တိုင်းတာမှုများသည် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီရန်လိုအပ်ပါကြောင်း၊ ကုန်ထုတ်လုပ်ရေးတွင် နိုင်ငံတကာအရည်အသွေး စံချိန်စံညွှန်းများနှင့် SI ယူနစ်များအတိုင်း အသုံးပြုလျှင် ကုန်စည်များ တင်ပို့ရလွယ်ကူပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်မှု ပိုမိုအား ကောင်းလာမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကို လက်တွေ့ကျကျ အထောက်အကူ ပြုမည့် နည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနရှိ သုတေသနဌာနများ၊ တက္ကသိုလ်များနှင့် ဆန်စပါးနှင့် ပြင်ပစက်မှုလုပ်ငန်းများ နီးကပ်စွာ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယနေ့တွင် နိုင်ငံ့အဓိကစားရေရိက္ခာဖြစ်သည့် ဆန်စပါးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် NQI ၊ ဇီဝနည်းပညာ AI ၊ ဆိုလာစနစ်များနှင့် ဆက်စပ် ဆွေးနွေးကြမည်ဖြစ်၍ ကဏ္ဍစုံပါဝင်ကာ ထူးခြားလေးနက်စွာ အနှစ်သာရများ ပြည့်ဝလျက်ရှိပါကြောင်းနှင့် ဆွေးနွေးမှုရလဒ်များလည်း ရရှိမည်ဟု အလေးအနက် ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် MRF ဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) မှ ညွှန်ကြားရေးမှူးက SI ယူနစ်အရေးပါပုံနှင့် ဆန်းစပါးအစိုဓာတ် တိုင်းတာသော ဝန်ဆောင်မှုများ၊ ဇီဝနည်းပညာ သုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က စိုက်ပျိုးရေးဆိုင်ရာ ဇီဝနည်းပညာ သုတေသနလုပ်ငန်းများ၊ သင်တန်းများနှင့် ဝန်ဆောင်မှုများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးကြပြီး MRF ဥက္ကဋ္ဌက ဇီဝနည်းပညာ သုတေသနဦးစီးဌာနထံ သုတေသနဂုဏ်ပြုငွေ ကျပ် သိန်း ၅၀ ကို ပေးအပ်လှူဒါန်းသည်။

 

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် ဆွေးနွေးပွဲများကို ဆက်လက်တက်ရောက်၍ တက်ရောက် လာကြသူများက စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးကြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

 

သတင်းစဥ်