နေပြည်တော်၊ စက်တင်ဘာ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းအစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မွေးမြူရေးအစားအစာ ထုတ်လုပ်သူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ နို့စားနွား၊ ဆိတ်၊ ဝက်၊ ကြက်မွေးမြူရေး လုပ်ငန်းများ တိုးချဲ့နိုင်ရေး၊ မွေးမြူရေးတိရစ္ဆာန် အစာပင်များ တိုးချဲ့စိုက်ပျိုးရန်နှင့် အစာစပ်စက်ရုံများ တည်ထောင်လုပ်ကိုင်နိုင်မှု အလားအလာများ၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ခိုင်မာသော ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေးနှင့် မွေးမြူရေး ထွက်ကုန်အခြေခံ စားသောက်ကုန်ချောများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပုသိမ်ကြီး စိုက်ပျိုးရေးသိပ္ပံကျောင်း၏ သင်ကြားသင်ယူရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများအတွက် အာဟာရဖြည့်စွက်စာ ကြက်ဥနှင့် မုန့်များပေးအပ်ကာ လက်တွေ့သင်ကြားလေ့ကျင့် စိုက်ပျိုးထားသည့် စိုက်ခင်းများနှင့် ငါးမွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် အောင်မြေသာစံမြို့နယ်၊ သရက်ကုန်း ငါးလုပ်ငန်းစခန်းတွင် သဘာဝနည်း၊ ဆေးထိုးသားဖောက်နည်းတို့ဖြင့် ငါးသားပေါက်ရရှိရေး ဆောင်ရွက်ထားရှိမှု၊ ငါးမွေးမြူသူများအတွက် မျိုးကောင်း မျိုးသန့် ငါးသားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ငါးသားပေါက် ထုတ်လုပ်ရန် လျာထားချက်များ ပြည့်မီစေရေး၊ မျိုးငါးများကို စနစ်တကျ ကျွေးမွေးပြုစု ထိန်းသိမ်းဆောင်ရွက်ရေး၊ ရှားပါလာသော ဒေသငါးမျိုးစိတ်များ ထိန်းသိမ်းရေး၊ ရေသတ္တဝါ မွေးမြူထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် သုတေသနပြု ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပုသိမ်ကြီးမြို့နယ်၊ ကုလားမတောင်ကျေးရွာရှိ ပုဂ္ဂလိက နို့စားနွား မွေးမြူရေးခြံနှင့် ချမ်းမြသာစည်မြို့နယ်ရှိ ပုဂ္ဂလိက တစ်သျှူးကာချာလ် မျိုးပွားအလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်