နေပြည်တော်၊ မေ ၄
နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာပို့ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာအသိပညာဖြန့်ဝေခြင်းနှင့် ဝန်ဆောင်မှုများကို အဓိကတာဝန်ယူထား သည့် မိမိတို့ဝန်ကြီးဌာနရှိ နိုင်ငံဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေစည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာလျက် မိမိတို့တာဝန်ယူထားကြသည့် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ကျေပွန်စွာဖြင့် လုပ်ငန်းများ ထိရောက်အောင်မြင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ မေ(၃)ရက်၊ မွန်းလွဲပိုင်းက မွန်ပြည်နယ် အတွင်းရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက တောင်သူလယ်သမားများ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လိုအပ်ချက်များ အပေါ် တည်ဆဲ ဥပဒေများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိဦးစီးဌာန အသီးသီး၏ စွမ်းဆောင်ရည်တိုးတက်စေရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးဆိုင်ရာများကို သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့၊ ရွှေနတ်တောင်ဆည်၏ ရေသိုလှောင် ထိန်းသိမ်းထားရှိမှုနှင့် ဒေသသောက်သုံးရေ အကျိုးပြုနေမှု၊ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် လေယာဉ်ကွင်းသစ် တည်ဆောက်ရေးစီမံကိန်းဆောင်ရွက်ရာတွင် စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ချောင်းနှင့် တူးမြောင်းများ ရေလမ်းကြောင်း လွှဲခြင်းလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရွှေနတ်တောင်ဆည်မှ သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်ရေး၊ နွေစပါးရေပေးဝေနိုင်ရေး၊ ရေလှောင်ပမာဏ တိုးမြင့် နိုင်ရေးတို့အတွက် စီမံချက်ရေးဆွဲတင်ပြရန် ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။
အလားတူ ပုဂ္ဂလိက အအေးခန်းစက်ရုံသို့ သွားရောက်၍ ငါးပုတ်သင်၊ ငါးမုတ်များ GACC ၏ စည်းကမ်း သတ်မှတ်ချက်နှင့်အညီ ထုတ်လုပ်နေမှု၊ သိုလှောင်ထားရှိမှုနှင့် တင်ပို့မှုများကို ကြည့်ရှုစစ်ဆေးပြီး ကုန်ကြမ်း များရရှိရေး၊ ဈေးကွက်တိုးချဲ့ရေးဆိုင်ရာကိစ္စရပ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)