နေပြည်တော် ဇန်နဝါရီ ၂၇

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးမွေးမြူရေးဇုန်သို့သွား ရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးစဉ် တာဝန်ခံများက မွေးမြူရေးဇုန် အပိုင်း (၁) အတွင်း မွေးမြူရေးလုပ်ငန်းရှင် (၂၁) ဦး၊ ဇုန်အပိုင်း (၂) တွင် မွေးမြူရေးလုပ်ငန်းရှင် (၂၀)၊၊ ဇုန်အပိုင်း (၃) တွင် မွေးမြူရေးလုပ်ငန်းရှင် (၅၁) ဦးတို့က အသားတိုးကြက်၊ ဥစားကြက်၊ တိုင်းရင်းကြက်၊ ဆိတ်၊ ငုံး၊ အသားတိုးဝက်၊ နို့စားနွားနှင့် ဒေသနွားမျိုးများ မွေးမြူထားရှိမှုအခြေအနေများကိုလည်းကောင်း၊ Universal Diamond Co.,Ltd မှ နို့စားနွားမွေးမြူထားရှိမှုနှင့် BOSS ဒိန်ချဉ်ထုတ်လုပ် ဖြန့်ဖြူးပေးနေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး မွေးမြူရေးလုပ်ငန်းရှင်များနှင့် မွေးမြူရေးတောင်သူများ၊ မွေးမြူရေးအစားအစာ ထုတ်လုပ်သူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက ဒေသဝမ်းစာ ဖူလုံရေးအပြင် ဈေးကွက် လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန်လိုအပ်ကြောင်း၊ မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရန် လုပ်ငန်းစဉ်တစ်လျှောက် အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းရှိ အသေးစားအငယ်စားနှင့် အလတ်စားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ခိုင်မာသောဈေးကွက် ဖော်ဆောင်နိုင်ကြစေရန်၊ ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။

 

ယင်းနောက် မွေးမြူရေးဇုန်အတွင်း မွေးမြူရေးတောင်သူများ၏ ငုံးများမွေးမြူထားရှိမှုနှင့် ငုံးမွေးမြူရေးအဆောင်သစ် ဆောက်လုပ်နေမှု၊ အသားတိုးဝက်နှင့် အသားစားကြက်များ မွေးမြူထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ၌ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။

 

ဆက်လက်၍ ဆောက်လုပ်လျက်ရှိသည့် ကျောင်းသားအိပ်ဆောင်များ၊ ရေချိုပုစွန် သားဖောက်ရုံ တည်ဆောက်နေမှု၊ ငါးခုံးမကြီး၊ ငါးတံခွန်၊ ရွှေဝါငါးကြင်းနှင့် ရောင်စုံငါးကြင်းများ သားဖောက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်