နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၆

ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရုံးဌာနများသို့ သွားရောက်ကြည့်ရှုပြီး စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီး၌ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပြည်နယ် တိုင်းရင်းဆေးပညာ ဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုပြီး တိုင်းရင်းဆေးရုံတွင် တက်ရောက်ဆေးကုနေကြသည့် လူနာများအားလှည့်လည် ကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး အစည်းအဝေးခန်းမ၌ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြု ဆရာမကြီးများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ အခြားကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ဝန်ထမ်းများ၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ FDA ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံစဉ် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်က ပြည်နယ်အတွင်း ပြည်သူ့ကျန်းမာရေး လုပ်ငန်းဆောင်ရွက်မှုနှင့် စစ်တွေဆေးရုံကြီး လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည်။ ယင်းနောက်  တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လိုအပ်ချက်များကိုဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၊  ဖျားနာဆေး ကုသဆောင်၊ ကလေးလူနာကုသဆောင်၊ မျက်စိလူနာကုသဆောင်၊ နားနှာခေါင်း လည်ချောင်းလူနာ ကုသဆောင်နှင့် ကျောက်ကပ်သန့်စင်ဌာနတို့ကို လှည့်လည်ကြည့်ရှုရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်