နေပြည်တော်၊ သြဂုတ် ၁၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဓာတုနည်းပညာ သုတေသန ဗဟိုဌာနတွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစီမံကိန်း (၂၀၂၀) ဖြင့် MSME စားသောက်ကုန်လုပ်ငန်းရှင်များကို သင်တန်းများပေးခြင်း၊ နည်းပညာများကို ပံ့ပိုးလွှဲပြောင်းပေးခြင်းနှင့် ကုန်ကြမ်းပေး - ကုန်ချောယူ ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် အဆိုပါဌာနရှိ လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
ဉီးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ၊ မျိုးဆက်သစ် လူငယ်သုတေသီများကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ လုပ်ငန်းခွင်တွင် ပျော်ရွှင်အဆင်ပြေစွာ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက် အခက်အခဲများကို မေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဌာနတာဝန်ခံက မဲခေါင်-လန်ချန်း စီမံကိန်းဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှုမှရရှိသည့် အကျိုးကျေးဇူးများ၊ သစ်သီးများကို မူလအရောင်၊ အနံ့၊ အရသာ မပျက်စေဘဲ အဟာရဓာတ်များ ပြည့်ဝစွာ ကြာရှည်ခံအောင် စမ်းသပ်ထုတ်လုပ်ထားသော တန်ဖိုးမြင့် စားသောက်ကုန်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စိုက်ပျိုးရေး-မွေးမြူရေးလုပ်ငန်းများမှ ရရှိသော ဒေသထွက်ကုန်ကြမ်းများမှ တန်ဖိုးမြင့် စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးလာကာ ပြည်တွင်းဖူလုံမှုမှသည် နိုင်ငံတကာစျေးကွက်အထိ ထိုးဖောက်နိုင်ရေး နည်းပညာများအပြင် စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး ပူးပေါင်းပံ့ပိုးပေးရန်၊ နည်းပညာမြင့် ကုန်ထုတ်စက်ပစ္စည်းများကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ သုတေသနရလဒ်များနှင့် နည်းပညာများကို စွန့်ဉီးတီထွင် လုပ်ငန်းရှင်များထံ လွှဲပြောင်းပေး မှုကို မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် သုတေသီများ၏ အဖွဲ့လိုက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လိုအပ်ချက်နှင့် ကိုက်ညီစေရးနှင့် ပြည်သူ့လူမှုစီးပွားဘဝများဖွံ့ဖြိုးရေး တိုက်ရိုက်အကျိုးပြုလုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားကာ တာဝန်ရှိသူများနှင့် မျိုးဆက်သစ် လူငယ်သုတေသီများကို သုတေသနဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



